ရန်ကုန် ၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာရေဦးစီးဌာနနှင့် နိုင်ငံတကာ အရေးပေါ် ကူညီထောက်ပံ့ရေး အဖွဲ့ (PUI)တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ HIV ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်း က ဒေသခံပြည်သူများ အသိပညာ တိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး HIV ကာကွယ်တားဆီးရေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် (PUI) မှ Prevention Manager ဒေါက်တာ လမင်းကျော် က HIV ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ “ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း HIV ပိုးရှိ/မရှိ သွေးစစ်ဆေးခြင်း၊ ရောဂါပိုးရှိသူများအား ART သောက်ဆေးများ ထောက်ပံ့လှူဒါန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆွေးနွေးနှစ်သိမ့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဒလမြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ကျန်းမာရေးဦးစီးဌာန၊ CSO အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက် The Union အဖွဲ့၏ လုပ်ဆောင်ချက်များကို ဒေါက်တာချမ်းငြိမ်းစိုး က ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စောမောင်၊ မြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ဒေသခံပြည်သူများနှင့် ဟိုတယ်၊ တည်းခိုခန်း ပိုင်ရှင်များတက်ရောက်ခဲ့သည်။
HIV ပိုး ရှိ/မရှိ သိရှိနိုင်စေရန်နှင့် ရှိပါက ကာကွယ်တားဆီးရေးအတွက် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ပြည်သူ့ ဆေးရုံကြီးများရှိ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တီဘီရောဂါ တိုက်ဖျက်ရေး ဌာနများတွင် သွေးစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)


