ရန်ကုန်  ၂၂  ဧပြီ

 

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ တစ်ထောင့်တစ်နေရာမှ အသုံးပြုနိုင်ရန်အတွက် အရေးပေါ်ကာလအတွင်းနှင့် ရောဂါအေးချမ်းတည်ငြိမ်သွားသည့် အချိန်ထိ  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်အုပ်ချုပ်ရေးမှူးမှ မိမိရဲ့ ဝန်ထမ်းလစာ ဝင်ငွေကျပ် (၂)သိန်းကျော်ကို လစဉ် ထောက်ပံ့လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဟာ လူသားတွေအားလုံးကို ဒုက္ခပေးခြိမ်းခြောက်လျက်ရှိပါတယ်၊ အားလုံးလည်းကြောက်ကြပြီး စိုးရိမ်နေကြပါတယ်၊ တစ်ကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ ကြိုးစားရုန်းကန်ဆဲ ဖွံ့ဖြိုးဖို့ ကြိုးစားဆဲနိုင်ငံပါ၊ ဒီချိန်မှာ ဒလမြို့အတွက် ကျွန်တော်လုပ်ပေးနိုင်တာလေး လုပ်ပေးချင်ပါတယ်၊ ကျွန်တော်ဟာ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတာမဟုတ်ပါဘူး၊ ဒါပေမယ့် ခုချိန်မှာ ကျွန်တော် လုပ်ပေးချင်ဆုံးက တစ်ခုတည်းပါ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ကျွန်တော့်  လစာလေးကို တစ်ကယ်လိုအပ်တဲ့ နေရာလေးတွေမှာ သုံးဖို့လှူဒါန်းမယ်၊  ကပ်ရောဂါကြီး ပြီးဆုံးပြီး အေးချမ်းတည်ငြိမ်သွားတဲ့အထိ ကျွန်တော့်ရဲ့ ချွေးနည်းစာ လစာလေးကို လှူသွားပါ့မယ်” ဟု မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်က ယနေ့ နံနက်က ပြောကြားခဲ့သည်။

 

သတင်း-နိုင်လင်းကျော်(ပြန်ဆက်)

 ဓာတ်ပုံ-Khin Zaw(kz) ဖေ့စ်ဘုတ်