ရန်ကုန် ၂၀  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ဖြတ်သန်းသွာလာကြသော မော်တော်ယာဉ်မောင်းနှင်သူ များနှင့် ခရီးသွားမိဘပြည်သူများအား ဒလ-တွံတေး ကားလမ်းမကြီးဘေး စုပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့မွန်းလွဲပိုင်း က မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် မြို့နယ်အထောက်အကူပြုကော်မတီ နာယကများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စုပေါင်းစစ်ဆေးရေးဂိတ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဖြတ်သန်းဝင်ရောက်ကြမည့် မော်တော်ယာဉ်မောင်းနှင်သူများနှင့် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊  နှားခေါင်းစည်းမပါသော ပြည်သူများအား နှားခေါင်းစည်းများ အခမဲ့ပေးဝေးခြင်းနှင့် စနစ်တကျ လက်ဆေးခြင်းတို့ကို ပညာပေး ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ တာဝန်ကျဝန်ထမ်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် အထောက်အကူပြုကော်မတီမှ တာဝန်ရှိသူများက အားဖြည့်အချိုရည်၊ ရေသန့်ဗူးများ၊ မုန့်များကို လှူဒါန်းပေးခဲ့ကြသည်။  

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၊  ရွှေလှေချောင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မာရုံ စသည့် စောင့်ကြည့်ရေးစခန်းများရှိ ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုမှု အခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး   အားဖြည့်အချိုရည်နှင့် ငှက်ပျော်သီးများကို လှူဒါန်းပေးခဲ့ကြသည်။ 

 

လက်ရှိအချိန်၌ ဒလမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာကြသူ ၅၁ ဦးအား စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး ၅၇ ဦးအား  စောင့်ကြည့်(၁၄)ရက်ပြည့်၍ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာကြသူ  ၂၀၄ ဦးရှိရာ နေအိမ်၌ ၁၀ ဦး၊ ဘာသာရေးအဆောက်အဦ၌ ၁၄ ဦး၊  စာသင်ကျောင်း၌ ၃၇ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ၁၅၀ ဦးအား စောင့်ကြည့်ရက်ပြည့်၍   ပြန်လည်စေလွှတ်ပြီး ဖြစ်ကြောင်း၊ စောင့်ကြည့်ရေးစခန်းများရှိ ပြည်သူများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ပြန်ဆက်)