ရန်ကုန် ၁၅  မေ  

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌  တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ မော်တော်ယာဉ်များဖြင့် သွားလာကြသော ခရီးသည်များနှင့်  ဒေသခံ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး မြို့လယ်ခေါင် နာရီစင်အဝိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

 

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ပြီး ခရီးသည်များနှင့် ဒေသခံပြည်သူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိဘဲ သွားလာနေခြင်းကြောင့် စစ်ဆေးအရေးယူခြင်းကို စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စည်းကမ်း မလိုက်နာသည့် ပြည်သူများအား မြို့နယ်တရားရုံးသို့ တရားစွဲပို့ဆောင်ပြီး ဒဏ်ငွေကျပ် (၅၀၀၀) ပေးဆောင်၍ ဒဏ်ရိုက်ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ ပြည်သူ(၄၁)ဦးတို့ကို မြို့နယ်တရားရုံးမှ ဒဏ်ငွေ(၅၀၀၀)ကျပ် ဒဏ်ရိုက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ပါဝင်သည့် ဒလမြို့နယ်၌ ဆိုင်ကယ်စီးနင်းခွင့် တရားဝင် ခွင့်ပြုပေးထားပြီး လက်ရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း၌ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိသူများကို အရေးယူလျက်ရှိသည်။ အလားတူ ပြည်သူများအနေဖြင့် ပူပြင်းသော နွေရာသီ၌ ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သည့်အတွက် မိမိကိုယ်ကို ဆင်ခြင်ပြီး ဆိုင်ကယ်မောင်းနှင်ကြရန်၊ ဆိုင်ကယ်စီး ဦးထုပ်များ တပ်ဆင်ကြရန်နှင့် နှစ်ဦးထက် တင်ဆောင်ခြင်း မပြုလုပ်ရန် အသိပညာ ပေးခဲ့ကြောင်း အမှတ်(၅၉) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)