ရန်ကုန် ၆ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ၌ ဒေသခံပြည်သူလူထု၏ အခြေခံ လိုအပ်ချက်ဖြစ်သော ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာများ လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် Australian AID ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် Habitat for Humanity Myanmar နှင့် မြန်မာ YMCA တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ကားဝင်းအတွင်း၌ အများပြည်သူသုံး သန့်စင်ခန်းကို တည်ဆောက်ပြီးစီး၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ လွှဲပြောင်းပေးအပ်ခြင်းနှင့် Dala Urban&Peri-Urban Resiliency Project စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ YMCA အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဝင်းက YMCA အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Habitat for Humanity Myanmar စီမံကိန်းအရာရှိ ဦးဝင်းကျော် က စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြပြီး တက်ရောက် လာသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ဆက်လက်၍ မြန်မာ YMCA စီမံကိန်းညှိနှိုင်းရေးမှူး နော်ဆာဂေးဒိုလ်က အများပြည်သူသုံး သန့်စင်ခန်း တည်ဆောက်ပုံ အဆင့်ဆင့်အား ဓါတ်ပုံမှတ်တမ်းဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အများသုံးသန့်စင်ခန်းအား မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်က လက်ခံရယူပြီး ရှေ့ဆက်ထိန်းသိမ်းမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်၌ ပထမဦးဆုံး အများပြည်သူသုံးသန့်စင်ခန်းကို ၂၀.၆.၂၀၁၉ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် ငွေကျပ်သိန်း(၁၉,၅၂၆,၀၀၀) သိန်းဖြင့် ၂၅.၈.၂၀၁၉ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အများပြည်သူသုံးသန့်စင်ခန်းတွင် အမျိုးသမီး (၄) ခန်း၊ အမျိုးသား (၂) ခန်းနှင့် မတ်တပ်ရပ် အပေါ့သွား (၅) လုံး၊ မသန်စွမ်းသူများ အသုံးပြုနိုင်ရန်အတွက် အိမ်သာ(၁)လုံးတို့ကို ထည့်သွင်းတည်ဆောက်ခဲ့ခြင်းကြောင်းသိရသည်။

ဆက်လက်၍ ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာနှင့် ထူးကြီးကျေးရွာတို့၌ ဒလမြို့ပြဖွံ့ဖြိုးမှုစီမံကိန်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း Habitat for Humanity Myanmar စီမံကိန်းအရာရှိ ဦးဝင်းကျော် က ပြောကြားခဲ့သည်။
နိုင်လင်းကျော်(ဒလ)


