ရန်ကုန်၊  ၂  ဇန်နဝါရီ

 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးနှင့် နွေရာသီကာလရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာ၌ လယ်မြေ (၁၉.၈၄) ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူပြီး ရေသန့်စင်စက်ရုံစီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

 

 

အဆိုပါလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာ၌ မြေနေရာပြုပြင်လုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးကာ ဒလ-တွံတေး ကားလမ်းမကြီးတစ်လျှောက် အချင်း ၆၃၀ မီလီမီတာ (၂၄ လက်မ)ရှိ  HDPE Main Transmission  ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်းလုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့မှ သိရသည်။

 

 

ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန် (၃.၃)သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မှီ ရေသန့်စင်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရအကူအညီ ဂျပန်ယန်း(၄.၁၇၆)ဘီလီယံဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ စီမံကိန်းလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

 

“ဒီစီမံကိန်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးဖို့အတွက် ခန့်မှန်းထားပါတယ်၊ ခုလက်ရှိအချိန်မှာ ဆက်စပ်လုပ်ငန်း အနေနဲ့ ဒလ-တွံတေးကားလမ်းမကြီးတစ်လျှောက်မှာ ရေသယ်ပိုက်လိုင်းကြီးက အချင်း ၆၃၀ မီလီမီတာ (၂၄)လက်မရှိတဲ့ HDPE Main Transmission ပိုက်အမျိုးအစားနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ လမ်းမကြီး တစ်လျှောက် ကနဖော့ရိုးချောင်းနဲ့ အုန်းပင်ချောင်းတံတား နှစ်စင်းကိုဖြတ်ရတဲ့နေရာမှာ ဘိုးပိုင်တူးဖော်ပြီး Mild Steel(MS) ပိုက်နဲ့ဆက်ပြီးတော့ ဆောင်ရွက်ပါတယ်၊   ရေသယ်ပိုက်လိုင်းကြီးရဲ့  စုစုပေါင်း အရှည်ပေ ၄၁၅၆၉ ကျော်ရှိတယ်၊ အရှည်ပေ ၁၈၀၀၀ ကျော် ပြီးနေပါပြီ၊ ဆက်လက်ပြီးတော့ ဒလမြို့ပေါ်ထိ ဒီနှစ်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒီစီမံကိန်းကနေရလာတဲ့ ရေကို ကျွန်တော်တို့ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် ကနောင်လမ်းမကြီးဘေးမှာရှိတဲ့ ဌာနပိုင်မြေနေရာမှာ (Ground Tank) ဆောက်လုပ်ပြီး ရေတွန်းစက်ဖြင့် တစ်ဆင့် ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်၊ ခုချိန်မှာ Soil Test လုပ်ငန်းတွေပြီးစီးပါပြီ ” ဟု မြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ ဦးစီးအရာရှိ  ဦးတိုးတိုးအောင် က ပြောသည်။

 

mdn

 

 

အဆိုပါ ရေသန့်စင်စက်ရုံကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစု ကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်သည်။ ရေသန့်စင်စက်ရုံ၏ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့  ၃.၃ သန်း သောက်သုံးရေပေးဝေနိုင်မည်ဖြစ်ပြီး တစ်နေ့ သောက်ရေသန့် ရေဂါလန် ၆၆၀၀၀ ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

 

 

လက်ရှိအချိန်ထိ တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းမှ  နေ့စဉ် ရေဂါလန် ၁ ဒသမ ၂ သန်းကို အချင်း ၂၄ လက်မပိုက်လိုင်းဖြင့် ဒလမြို့နယ် ရေရရှိရေးနှင့် ရေးပေးဝေ‌ရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထို့မှတစ်ဆင့် ဒလမြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်မှ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၆၂၂  စုအား ပိုက်လိုင်းစနစ်ဖြင့် တစ်နေ့လျှင် ၁၈ နာရီ အလှည့်ကျပေးဝေလျက်ရှိကြောင်း သိရသည်။

 

 

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်တွင် မြေသားရေကန်ပေါင်း ၁၂၄ ကန်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာတွင် မြေသားရေကန်ပေါင်း ၂၀၈ ကန်၊ စုစုပေါင်း ၃၃၂ ကန်ရှိပြီး၊ သောက်ရေအတွက် မြေသားရေကန်များ၌ မိုးရေကိုသိုလှောင်ပြီ ဆောင်းရာသီမှစတင်၍ မိုးဦးမကျမီကာလအထိ ရေကန်များကိုသာ ဒေသခံပြည်သူများ အားထားသုံးစွဲနေကြရသည့်  မြို့နယ်တစ်ခုပင်ဖြစ်သည်။

 

 

ဒလမြို့နယ်သည် ရန်ကုန်မြစ်၊ ပင်လယ်ဝတို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မြို့ပေါ်နှင့် ကျေးရွာများတွင် ရေတွင်းတူးလျှင် ရေချိုမထွက် ရေငန်များသာထွက်ရှိသော ဒေသတစ်ခုပင်ဖြစ်သည်။ သောက်သုံးရေရှားပါးမှုကြောင့် ဒေသခံပြည်သူများ နွေရာသီ၌ ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ရာ အဆိုပါအခက်အခဲမှ ကင်းဝေးစေရန် အများသုံးရေနှင့် သောက်သုံးရေဖြန့်ဝေပေးနိုင်မည့်စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

နိုင်လင်းကျော်(ဒလ)

 

mdn