ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်လူနာများ ကုသပေးနိုင်ရေးနှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်နှင့် စေတနာရှင်များ၏ စုပေါင်းငွေများဖြင့်တည်ဆောက်သည့် အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အောက်ဆီဂျင်ထုတ် စက်ရုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူကျော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒလမြို့နယ်ရှိ ကိုဗစ်-၁၉ အရေးပေါ်လူနာများကုသနိုင်ရေးနှင့် အများပြည်သူများ အသုံးပြုရန်အတွက် တစ်နာရီလျှင် (၂၀၀)လီတာ ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် ဆလင်ဒါအိုး ၅၀ လုံး တို့ကို အလှူရှင် တော်ဝင်ဒီပါကုမ္ပဏီကိုယ်စား ဦးငြိမ်းချမ်းအောင် (Project Director) မှ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူး မင်းအောင်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် လည်ပတ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဆွေဦး က စက်ရုံဖြစ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များကိုယ်စား ဦးအာကာဟိန်းစိုး အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မြို့မိမြို့ဖများကိုယ်စား ဦးစံမြင့်ဦး က ကျေးဇူးတင်စကားများ ပြောကြားခဲ့ ကြောင်း သိရသည်။
ဒလမြို့နယ်ရှိ Oxygen Plan စက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)


