ရန်ကုန် ၄ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျွဲလူးအိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးရွာနေပြည်သူများအား ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်နှင့် အလှမ်းဝေးသော ကျွဲလူးအိုင်ကျေးရွာသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒလမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်နီနီဝင်းနှင့် ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံမှ ဒေါက်တာ အောင်လင်းဦးတို့က မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ တစ်ကိုယ်ရည်သန့်ရှင်း စင်ကြယ်စေရေးနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စည်ပင်ကျန်းမာရေးဌာနမှ တာဝန်ခံ(၁) ဦးစိုင်းအောင်ဆိုင်က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က မြို့ရွာသန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုးက ကျေးရွာ၌ ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများကိုလည်းကောင်း ပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များအား လိုအပ်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် အောင်မင်္ဂလာခွပ်ဒေါင်းအဖွဲ့မှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
သတင်း- နိုင်လင်းကျော်(ဒလ)၊ ဓာတ်ပုံ- ကိုဂျိမ်း