ရန်ကုန်  ၃၁ ဇူလိုင်

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်းရှိ  ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

 

999

 

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက  “ဆိပ်ကြီးခနောင်တိုမြို့နဲ့ ဒလမြို့နယ် ချင်းဆက်သွယ်ပေးမယ့် တွံတေးတူးမြောင်းကူး တံတားကြီးက ဆိပ်ကြီး ခနောင်တိုမြို့နယ်သားတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်၊ မြို့နယ်မှာက ရပ်ကွက်ပေါင်း ၉ ရပ်ကွက်ရှိပြီး အိမ်ထောင်စုပေါင်း ၁၀၀၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော် နေထိုင်လျက်ရှိတယ်၊ ရန်ကုန်မြို့ကို သွားလာရာမှာလည်း စက်တပ်သမ္ဗန်စီးပြီး သွားလာနေရတာဖြစ်တယ်၊   ဒေသခံပြည်သူတွေရဲ့ ရေသန့်ရရှိမှုက အရမ်း အခက်အခဲရှိတယ်၊ ကန်ရေကို အဓိကအားထားပြီးသုံးနေရတာ ရေသန့်ဆိုရင်လည်း ဝယ်ယူသောက်သုံး နေကြရတာ ဖြစ်တယ်၊ ဒီတံတားကြီး တည်ဆောက်ခြင်းဖြင့် ရေပိုက်လိုင်းပါ တပ်ဆင်ပါလာမှာဖြစ်တဲ့အတွက်  သောက်သုံးရေသန့် ကို ရရှိလာမှာဖြစ်သလို တံတားတည်ဆောက်ပြီးစီးရင်လည်း ဒေသခံပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။

 

100

 

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အထွေထွေလုပ်သားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများစွာတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ရေလမ်းကြောင်းခရီးဖြင့်သော စက်တပ်သမ္ဗန်များဖြင့်သာ ယနေ့အချိန်ထိ ကူးသန်းသွားလာကြရဆဲပင် ဖြစ်သည်။

 

3333

 

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်မည့် တွံတေးတူးမြောင်းကူး တံတားအမျိုးအစားမှာ သံမဏိသံပေါင်တံတား ၂ လမ်းသွားဖြစ်ပြီး၊ ဂျပန်နိုင်ငံ၌ နောက်ဆုံးတည်ဆောက်နေသော တံတားဒီဇိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊  တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊  ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်း အရှည် ၂၅၄၂ ပေရှိပြီး စုစုပေါင်း ငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်ဖြစ်ရာ  အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁) မှ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၅၀၀၀ ချထားပေးခဲ့ပြီး ယခုအခါ မြေနေရာရှင်းလင်းခြင်း၊ စီမံကိန်းနေရာ  သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)၊ ဝေယံ