ရန်ကုန်   ၁၀   နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်ထားသော သခွပ်မြစ်တံတားမှာ နှစ်ကာလရှည်ကြာပြီးဖြစ်၍ အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

 

သခွပ်မြစ်တံတားကို အရှည်ပေ ၄၉၆ ပေ၊ အကျယ် ၃၁ ပေ၊ တစ်ဖက်လျှင် လူသွားလမ်း ၂ ပေနှင့် ၃ လက်မ အပါအဝငအဖြစ်ပြီး၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ကိုယ်ထည် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။  အဆိုပါ တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၁) မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများက သခွပ်မြစ်တံတား တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

သခွပ်မြစ်တံတားသည် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊  ဒေးဒရဲမြို့နယ်တို့ကို ဆက်စပ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်း ပေါ်တွင် တည်ရှိသော လမ်းဖြစ်ပြီး လက်ရှိအချိန်တွင် သခွပ်မြစ်တံတားဟောင်းပေါ်မှ နေ့စဉ်ယာဉ်အစီးရေ (၁၀ဝ၀) ကျော် ပုံမှန်သွားလာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

သခွပ်မြစ်တံတားကို ၁၉၉၁ ခုနှစ် စက်တက်ဘာလ ၁၅ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့သည်။ နှစ်ကာလရှည်ကြာမှုနှင့်အတူ တံတားကြံခိုင်မှု အားနည်းခြင်းတို့ကြောင့် အသစ်ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)

 

mage-0-