ဒလ ၁ နိုဝင်ဘာ
နှစ်စဉ်နွေရာသီသို့ ရောက်တိုင်းသောက်သုံးရေ ရှားပါးမှုနှင့်တွေ့ကြုံနေရသည့် ဒလမြို့နယ်နေပြည်သူများ ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် ရေသန့်စက်ရုံတစ်ရုံအားမကြာမီ ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
ရေသန့်စက်ရုံအား ရန်ကုန်တိုင်းဒေသကြီး ပိတ်ဆွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာတွင် တည်ဆောက်မည်ဖြစ်ပြီး စက်ရုံတည်ဆောက်ရန်လယ်မြေလည်း ဝယ်ယူပြီးဖြစ်ကြောင်း၊ စက်ရုံအားဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟုသိရသည်။
အဆိုပါစက်ရုံဖြင့် တွံတေးတူးမြောင်းမှ ရေများအားသောက်ရေနှင့် သုံးရေများအဖြစ်ရရှိအောင် သန့်စင်ချက်လုပ်ပြီး သုံးရေများအား ရန်ကုန်ပေါက်ရေပေးဝေရေး ပိုက်လိုင်းသို့ထည့်သွင်း၍ ဒလမြို့နယ် ရေပေးဝေရေးစခန်းရှိ သိုလှောင်ကန်များသို့ ပေးပို့ကာမြိုနယ်အတွင်း ဖြန့်ဝေသွားမည်ဖြစ်သည်။
အဆိုပါ ရေသန့်စက်ရုံမှတစ်ရက်လျှင်သုံးရေ(၃ ဒသမ ၃)သန်း၊ သောက်ရေ (၆၆၀ဝ၀)ဂါလန်အား သန့်စင်ပေးပို့သွားမည်ဟုလည်း သိရသည်။
ဒလမြိုနယ်ရှိ ရေပေးဝေရေးစခန်းအား ၂၀ဝ၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ရေမီတာရယူသုံးစွဲသူ အိမ်ထောင်စု (၄၅၅ဝ) စုရှိကြောင်း၊ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းတွင် အဝီစိတွင်း ၁၃ တွင်းမှထွက်ရှိသည့် ရေများအား ဂါလန် ၁၀ဝ၀ဝ၀ ဆန့် ရေသိုလှောင်ကန်(၂)ကန်တွင် သိုလှောင်ကာ ၂၄ လက်မပိုက်လိုင်းဖြင့် သွယ်တန်းပြီးတာကြီး ရပ်ကွက်အရောက်တွင် ၁၆ လက်မပိုက်လိုင်း ၂ လိုင်းဖြင့် ဒလမြို့နယ်ရေပေးဝေရေးရုံးရှိ ရေဂါလန် ၂၀ဝ၀ဝ ဆန့် အမြှင့်တင်ရေသိုလှောင်ကန်နှင့် ရေဂါလန် ၁၀ဝ၀ဝ၀ ဆန့် သိုလှောင်ကန် ၂ ကန်ဖြင့် သိုလှောင်ကာမြို့နယ်အတွင်း ဖြန့်ဝေပးနေကြောင်း၊ ထို့ပြင် ရန်ကုန်ပေါက်ရေပေးဝေရေး စခန်းရှိ ရေထွက်ပင်ရင်းဖြစ်သော အဝီစိတွင်း ၁၃ တွင်း ရေရှည်တည်တံ့စေရန်နှင့် ရေထွက်ရှိမှု လျှော့နည်းခြင်းမရှိစေရန် ရေချိုစုတွင်း၅ တွင်းဖြင့် အားဖြည့်ထားကြောင်း သိရသည်။
ရေထွက်ပင်ရင်းမှ ရေထွက်ရှိမှုအား ထိန်းသိမ်းနေရ၍ ပြည်သူများ၏ ရေသွယ်တန်းခွင့်အား ယခင်အခါကလက်ခြံခင်းမရှိသော်လည်း ယခုအခါ ရေသွယ်တန်းခွင့်အား လက်ခံလျက်ရှိကြောင်း သိရသည်။
ဒလမြိုနယ်တွင် ကိုးရီးယားမြန်မာချစ်ကြည်ရေး တံတားကြီးမှာလည်း တည်ဆောက်လျက်ရှိရာ တံတားကြီးပြီးစီးပါက တံတားတွင် ရေပိုက်လိုင်းစနစ်လည်း ပါရှိလာမည်ဖြစ်သောကြောင့် ဒလမြိုနယ်နှင့်ထိစပ်လျက်ရှိသော ဒေသများမှာ ဖွံဖြိုးတိုးတက်လာမည့်အပြင် ဒလမြို့နယ်သည်လည်း ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည့်တံတားကြီးနှင့်အတူ ပါရှိလာမည့် ရေပိုက်လိုင်းစနစ် ၂၀၂၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည့် ရေသန့်စက်ရုံကြေင့်သောက်သုံးရေ ရှားပါးမှုတို့မှ ကင်းဝေးကာ ဖွံဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားသံများကိုလည်း ကြားသိခဲ့ရသည်။
ထို့ပြင် ဒလမြို့နယ်ရေပေးဝေရေး ရုံးတွင်တစ်ရက်လျင် ဂါလန် ၅၀ဝ၀ သန့်စင်ထုတ်လုပ်နိုင်သည့် ရေသန့်စက်ရုံတစ်ရုံ တည်ဆောက်ထားပြီး အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


