ရန်ကုန် ၁၆ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အနှေးယာဉ်များ လိုင်စင်သက်တမ်းတိုးခြင်းကို မြို့နယ်စည်ပင် သာယာရေး ကော်မတီရုံး၌ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်က မြင်တွေ့ရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် မြို့နယ် စည်ပင် သာယာရေး ကော်မတီရုံး၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင် ဦးဆောင်၍ စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့တွင်းရှိ အနှေးယာဉ်(လူစီးဆိုက်ကား)၊ ကုန်တင် ဆိုက်ကား၊ လက်တွန်းလှည်းများ သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး၊ လိုင်စင် သက်တမ်းတိုးရန် ကျန်ရှိနေသော အနှေးယာဉ်များကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အနှေးယာဉ် လိုင်စင်သက်တမ်းတိုးပေးခြင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ၁၈ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း လူစီးဆိုက်ကား၊ ကုန်တင် ဆိုက်ကားနှင့် လက်တွန်းလှည်းများ အပါအဝင် အနှေးယာဉ်ပေါင်း အစီးရေ ၁၂၀ဝ ကျော် ခန့်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်းကျော်(ဒလ)