ရန်ကုန် ၂ ဇွန်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်ကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာမှ ဧပြီလ နှင့် မေလတွင် ဆေးမထိုးနှံခဲ့ရသည့် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ဇွန်လ(၁) ရက်နေ့မှ စတင်ပြီး ဒေသန္တရကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေးဌာနများ၊ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက စက်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း၌ ပုံမှန်ကာကွယ်ဆေးထိုး စုရပ် (၈၉) ခု ထားရှိကာ ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးလျက်ရှိရာ စုရပ်တစ်ခုစီတွင် နေ့စဉ်ကလေးငယ် (၅၀) အထိ လက်ခံထိုးနှံပေးပြီး၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း၊ လာရောက်ထိုးနှံကြသည့် မိခင်နှင့် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ၆ ပေ အကွာ သတ်မှတ်ပေးပြီး၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းမှ သိရသည်။
ဒလမြို့နယ်၌ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမည့် ကလေးငယ်ပေါင်း(၃၂၁၇)ဦး ရှိပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရပ်သတ္တပတ် (၂) ပတ် ဆက်တိုက် ထိုးနှံပေးသွားမည် ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ သူနာပြုတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


