ရန်ကုန် ၅ သြဂုတ်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အမည်စာရင်းကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဗညားဒလရပ်ကွက်၊ မှော်စက်ရပ်ကွက်၊ တာကြီးရပ်ကွက်၊ ကျေးရွာများ ဖြစ်သည့် ရခိုင်ချောင်(မြောက်)ကျေးရွာ နှင့် ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စုတို့ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများ၊ အသိပညာပေးနှိုးဆော်မှုများ၊ ဒေသခံပြည်သူများ မဲစာရင်း လာရောက်ကြည့်ရှုမှု၊ မဲစာရင်းတွင် သတ်မှတ်ချက်များအတိုင် ဆောင်ရွက်ထားရှိမှုများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြသည့် စာရင်းများကောက်ယူနိုင်ရေး အခြေအနေများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမျိုးသိန်းနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဒလမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ တို့တွင် ပထမအကြိမ် ပြုစုထားသော မဲစာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၀၀၀၀ ကျော်၊ မသန်စွမ်းသူများ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၃၀ ကျော်ရှိပြီ၊ မဲရုံပေါင်း ၁၈၂ ရုံ ထားရှိမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

 

အဆိုပါ မဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ  သြဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ပထမအကြိမ် ထုတ်ပြန်ကြေညာ ထားမည်ဖြစ်ပြီး မဲစာရင်းတွင် အမည်မပါခြင်း၊ မှားယွင်းနေသည့် အချက်များ ပြင်ဆင်ခြင်းနှင့် မပါဝင်သင့်သူများကို ပယ်ဖျက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လာရောက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)