ဒလ ၂၈ မတ်
ကမ္ဘာ့နိုင်ငံအများစုတွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှလည်း ကမ္ဘာ့ကပ် ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ကာ ပြည်သူများအကြား စိုးရိမ်မှုမြင့်မားလျက်ရှိသည့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ(Covid-19)ရောဂါအား ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ဒလမြို့နယ်တွင် အဖွဲ့ဝင်(၁၂)ဦး ပါဝင်သည့် မြို့နယ်အဆင့်လုပ်ငန်းကော်မတီအား မတ်လ(၂၄)ရက်က ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည့် မြို့နယ်အဆင့်လုပ်ငန်းကော်မတီတွင် မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးမှ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ၍ မြို့နယ်ဆရာဝန်ကြီးမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကော်မတီအနေဖြင့် မြို့နယ်အတွင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများအား ကြီးကြပ်ခြင်း၊ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေးနှင့် ရောဂါ ဆက်လက် ပြန့်ပွားမူမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အတွင်း သံသယလူနာတွေ့ရှိပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်း ပို့ အသိပေးဆောင်ရွက်စေရန်၊ ရောဂါကူးစက်မှု၊ ပြန့်ပွားမူ့မရှိစေရေးအတွက် သွားလာမူအား ပိတ်ပင် တားဆီးကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်း Covid-19 ရောဂါနှင့် ပတ်သက်၍ တိကျမှန်ကန်သော သတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်ရန်၊လတ်တလောဖြစ်ပွားနေသောအခြေအနေများကြောင့် လူစုလူဝေး ဖြစ်စေသည့် ပွဲအခမ်းအနားများ ကျင်းပမူ့မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ရေးဆောင်ရွက်ရန်၊ မြို့နယ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရန်ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးဆိုင်ရာ သတိပေး နှိုးဆော်ချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး လုပ်ငန်းကော်မတီ၏ အမိန့်ညွှန်ကြားချက်နှင့်အညီ အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် လုပ်ငန်းကော်မတီ၏ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ချက်များအား တိုင်းဒေသကြီး လုပ်ငန်းကော်မတီသို့ အစီရင်ခံ တင်ပြရန်ခြင်းများ ဆောင်ရွက်ရန်ဟူ၍ သတ်မှတ်ပါရှိကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)


