ဒလ ၅ မေ
လတ်တလောဖြစ်ပွားလျက်ရှိသည့် ကမ္ဘာ့ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ် (ကိုဗစ်-၁၉) ရောဂါ ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းစဉ် တစ်ရပ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသန္တရ အမိန့်ဖြစ်သည့် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်များအား မြို့နယ် တရားရုံးမှ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့တွင် ကူးစက်ပြန့်ပွား ဖြစ်ပေါ်နေလျှက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား နေသည့်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအဖြစ် မလိုအပ်လျှင် နေအိမ်ပြင်ပသို့ မထွက်ရန် လူစုလူဝေးပွဲများ မပြုလုပ်ရန် ည(၁၀)နာရီမှ နံနက်(၄)အထိ ညမထွက်ရန် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ လက်မှတ်ရေးထိုး၍ ဒေသန္တရအမိန့်ထုတ်ပြန်ကာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း အများပြည်သူကြား သိလိုက်နာစေရန် အတွက် မိမိတို့၏ အပိုင်နယ်မြေများအတွင်း အသံချဲ့စက် အသုံးပြုကာ အသိပေးကြေညာမှုများ ပြုလုပ်ပေးလျက် ရှိသော်လည်း ဖောက်ဖျက်ကျူးလွန်ကြသူများအား တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း ဧပြီလ(၂၈)ရက်နေ့တွင် (၃)ဦး၊ ဧပြီလ (၂၉) ရက်နေ့တွင် (၅)ဦး၊ ဧပြီလ (၃၀)ရက်နေ့တွင် (၃)ဦး၊ မေလ(၄)ရက်နေ့တွင် (၁၁)ဦးတို့သည် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အား သိရှိ ဖောက်ဖျက်ကျူးလွန် ခဲ့ကြသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ မြို့နယ်တရားရုံးသို့ တင်ပို့ တရားစွဲဆိုခဲ့ရာ ဒလမြို့နယ်တရားရုံးမှ ပြစ်မူကျူးလွန်သူတို့အား မေလ(၄)မွန်းလွဲ(၂)နာရီအချိန်က အလုပ်မဲ့ ထောင်ဒဏ်(၁)လစီ ချမှတ်လိုက်ကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)