ဒလ  ၁၀  နိုဝင်ဘာ

မြန်မာနိုင်ငံတွင် ကူးဆက်မြန် ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်ပေါ်နေသည့်အတွက် အသွားအလာကန့်သတ်ခြင်း အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား နိုဝင်ဘာလကုန်အထိ သက်တမ်းတိုးထားပြီး ဌာနဆိုင်ရာများတွင်လည်း ဝန်ထမ်းများအား နှစ်ပတ်ရုံးတက် နှစ်ပတ်ရုံးနားသည့်စနစ် ကျင့်သုံးလျက်ရှိသည်။

 

ထိုပြင် ဈေးများတွင်လည်း ပြည်သူများအတွက် လိုအပ်သည့်အဓိက ကုန်စည်များကိုသာ ရောင်းချသည့် ဈေးဆိုင်များကိုသာ ဖွင့်ခွင့်ပြုထားပြီး အချို့ဈေးဆိုင်များအား အချိန်ကန့်သတ် ဈေးရောင်းစေခြင်း ခေတ္တယာယီ ပိတ်ထားစေခြင်းနှင့် စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များ ထမင်းဆိုင်များအား ဆိုင်ထိုင်စားသောက် ရောင်းချသည့်စနစ်မှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်လည်း ညွှန်ကြားခဲ့သည်။

 

သို့သော် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင်  လက်ဖက်ရည်ဆိုင်အချို့မှာ ဆိုင်ထိုင်ရောင်းချစနစ်ဖြင့် ရောင်းချနေမူများကြောင့် မြို့နယ်နေပြည်သူအချို့ စိတ်ပူပန်နေလျက်ရှိကြောင်း သိရသည်။

 

ဒလမြို့နယ်ရှိ အချို့သော လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ထမင်းဆိုင်များတွင် ဆိုင်ရှေ့မျက်နှာစာအား အတားအဆီး ပြုလုပ်ကာ ပါဆယ် စနစ်သာ ရောင်းချကြောင်း အသိပေးစာ ချိတ်ဆွဲ ကပ်ထားသော်လည်း ဆိုင်အတွင်း စားပွဲခုံခင်း ရောင်းချလျှက်ရှိကြောင်း သိရသည်။"ဖွင့်ခွင့်တော့ မပေးထားသေးဘူးဗျ၊ ဒါပေမယ့် ရောင်းနေ စားသောက်နေကြတာပဲ"ဟု ကိုဝင်းစိုး(အမည်လွှဲ)က ပြောသည်။

 

ဒလ မြို့နယ်တွင်း သွားလာကြသူအများစုမှာ Mask များ တပ်ဆင်အသုံးပြု သွားလာကြသည့် အကျင့်ကောင်းအား လက်ခံအသားကျနေပြီ ဖြစ်သော်လည်း ဆိုင်ထိုင်စနစ်ကြောင့် ကိုဗစ်-၁၉ ကူးဆက်မှု တိုးပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

သျှင်မင်းအိမ်