ရန်ကုန် ၂၂ မေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နေအိမ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့၊ ပျိုးပင်နှင့် မြေသြဇာများနှင့် စိုက်ပျိုးရေးအတွက် နည်းပညာပေး လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသူတို့က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးသူက “ဒလမြို့နယ်မှာက ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူ နည်းပါတယ်၊ တစ်နိုင်တစ်ပိုင် ရပ်ကွက်ထဲမှာ ကျေးရွာတွေမှာ စိုက်ပျိုးတဲ့သူ အနည်းငယ်ပဲ ရှိကြတယ်၊ ကိုဗစ်ရောဂါကာလအတွင်းမှာ ဟင်းသီးဟင်းရွက် မီးဖိုချောင်သုံး သီးနှံတွေကို ဈေးထဲမှာ သွားဝယ်မယ်၊ တစ်ခြားရွာတွေမှာ သွားဝယ်မယ်ဆိုရင် အပြင်ခရီးသွားလာမှုကို ကန့်သတ်ထားတဲ့အတွက်ကြောင့် နေအိမ်ခြံဝင်းထဲမှာပဲ ဘူး၊ ဖရုံ၊ သခွား၊ ချဉ်ပေါင်၊ မုန်လာ၊ ခရမ်း၊ တိုင်ထောင်ပဲ၊ ဘုံလုံ စတဲ့ သီးနှံတွေ ကိုယ်တိုင်စိုက်ပျိုး စားသောက်နိုင်အောင်ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်၊ ဆက်လက်ပြီး ကျေးရွာစိုက်ခင်းများကိုလည်း မျိုးစေ့၊ ပျိုးပင်များနဲ့ မြေသြဇာများကိုလည်း အခမဲ့ဖြန့်ဝေသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်လင်းကျော်(ဒလ)


