နေပြည်တော် ၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation တို့အကြား ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ LOTTE Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကိုရီးယား Land and Housing Cooperation တို့အကြား MoU လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ကျင်းပပြုလုပ်နိုင်သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Seoul မြို့ပတ်ဝန်းကျင်တွင် Smart Cities မြို့သစ်များနှင့် ဝန်းရံပြီး ဖွဲ့စည်းတည်ဆောက်သကဲ့သို့ မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ပတ်ဝန်းကျင်တွင် ခေတ်မီမြို့သစ် စီမံကိန်းများကို ထူထောင်ဆောင်ရွက်သွား ရန်ရှိပါကြောင်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) နှင့် ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေး စီမံကိန်းများကို စတင်အကောင်အထည်ဖော်ခြင်းနှင့်အတူ ဒလမြို့သစ် စီမံကိန်းအတွက် အကြိုလေ့လာမှုကို ဆောင်ရွက်နိုင်ခြင်းသည် အချိန်အခါကောင်း ဖြစ်ပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံအစိုးရ Ministry of Land, Infrastructure and Transport (MOLIT) ဝန်ကြီးဌာနနှင့် Land and Housing Cooperation တို့သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍစုံတွင် အားတက်သရော ပူးပေါင်းကူညီ ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် KMIC စက်မှုဇုန်၊ ဒလမြို့သစ် စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းပြီး အစစအရာရာ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊Ministry of Land, Infrastructure and Transport မှ ဝန်ကြီး Ms. Kim Hyun Mee နှင့် Korea Land and Housing Corporation မှ CEO Mr. Byeon Chang Heum တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် Korea Land and Housing Corporation မှ CEO Mr. Byeon Chang Heum တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation တို့အကြား ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို မွန်းလွဲ ၃ နာရီခွဲတွင် LOTTE Hotel ၌ ဆက်လက်ကျင်းပသည်။
အစီအစဉ်အရ KB Kookmin Bank မှ မိတ်ဆက်ဗွီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ KB Kookmin Bank မှ President & CEO Mr. Hur Yin တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်နှင့် KB Kookmin Bank မှ President & CEO Mr. Hur Yin တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
သတင်းစဉ်


