ဒလ ၁၁ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းသို့ ယခုရက်ပိုင်းတွင် နိုင်ငံခြား ခရီးသွားများအနေဖြင့် ဆိုက်ကားများ စီးနင်း၍ ဝင်ရောက်လည်ပတ်မှု များလာသဖြင့် ဆိုက်ကားနင်းသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သောနှစ်များက ဒလမြို့နယ်တွင် ဆိုက်ကားနင်းသူများအနေဖြင့် လုပ်ငန်းကောင်းခဲ့ပြီး ဆိုက်ကား ဈေးကွက်နှင့် နင်းသားဈေးကွက်မှာ တန်းဝင်သည့် လုပ်ငန်းတစ်ခုဖြစ်ခဲ့ကြောင်း၊ မော်တော် ဆိုင်ကယ်များ ဒလမြို့၏ သယ်ယူပို့ဆောင်ရေး ဈေးကွက်အတွင်း ဝင်ရောက်လာပြီးနောက် ဆိုက်ကားနင်း သူများ လုပ်ငန်းယိမ်းယိုင်ခဲ့ပြီး ဆိုင်ကယ်ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်များ ထပ်မံဝင်ရောက်လာသည့်အခါ ဆိုက်ကားနင်းသူများ၏ လုပ်ငန်းမှာ လုံးဝယိမ်းယိုင်ခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်တွေ သုံးဘီးဆိုင်ကယ်တွေ ဝင်လာတော့ လုပ်ငန်းကသိပ်မကောင်းတော့ဘူး၊ ဒါပေမယ့် တစ်ချို့က ဆိုက်ကားပဲ ဆက်စီးနေဆဲမို့ ဆိုက်ကားဆက်နင်းဖြစ်နေတာ" ဟု ဆိုက်ကားနင်းသူတစ်ဦးက ပြောသည်။
ဒလမြို့နယ်အတွင်းသို့ နိုင်ငံခြားခရီးသွားများ ဝင် ရောက်လာပြီးနောက် ဆိုက်ကားနင်းသည့် လုပ်ငန်းမှာ ပြန်လည် အသက်ဝင်အဆင်ပြေခဲ့ကြောင်း နိုင်ငံခြားခရီးသွားများမှာ ဒလမြို့တွင်းသို့ ဆိုက်ကားစီး၍ လည်ပတ်လေ့လာမူကို ကြိုက်နှစ်သက်ကြောင်းလည်း သိရသည်။
"ခုရက်ပိုင်းခရီးသည် အလာများတယ်၊ ဆိုက်ကား တစ်စီးကို တစ်ယောက်နှုန်းစီးတာ၊ အဲဒီတော့ ခရီးသည် အယောက် ၄၀ ဆို ဆိုက်ကားစီးရေ ၄၀ ပဲလေ၊ အဆင်ပြေတယ်"ဟု ကံဘဲ့ကျေးရွာမှ ဒလမြို့တွင် လာရောက် ဆိုက်ကားနင်းသူ ကိုလှမြင့်ကပြောသည်။
ထို့ပြင် နိုင်ငံခြားခရီးသွား ဆိုက်ကားစီးနင်းရသည်ကို အမြင်ဆန်းစေရန်နှင့် စိတ်ဝင်စားမှု ရှိစေရန် အတွက် ပုသိမ်ထီးဆောင်း၍ ဆိုက်ကားစီးစေခြင်း/ ဆိုက်ကားစီးနင်းစဉ် နေဒဏ်မှကာကွယ်စေရန် အတွက် ဆိုက်ကားများတွင် နေရောင်ကာ ထီးကြီးများတပ်ဆင်ကာ ဆွဲဆောင်မှု လုပ်ရကြောင်းလည်း သိရသည်။
ဒလမြို့သို့ လာရောက်လည်ပတ်ကြသူအများစုမှာ ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံများမှ အများဆုံး ဖြစ်ကြောင်း ရန်ကုန်မြို့နှင့် အနီးဆုံးလည်းဖြစ်ပြီး သွားလာမှုလည်း လွယ်ကူသည့်အပြင် ရန်ကုန်မြစ်ကူး ချယ်ရီသင်္ဘောစီးကာ ခိုစာကျွေးသည့် မြင်ကွင်းမျိုး ရရှိနိုင်သဖြင့် ဒလမြို့သို့လာရောက်လည်ပတ်မှု များရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒလမြို့သို့ လာရောက်လည်ပတ်သည်နှင့် မြို့တစ်ပတ် လှည့်လည်လေ့လာကြပြီး သက္ကရာဇ် ၂၃၈ ခု နှစ်က တည်ထားခဲ့သော ရွှေစာရံစေတီတော် မပုပ်မသိုးသည့် ရန္တာစံကျောင်း ဆုတောင်းပြည့် မျက်ရှင်တော်ဘုရားကြီးတို့အား အများဆုံး ပို့ဆောင်ပေးရကြောင်း သိရသည်။
ဒလမြို့တွင်းသို့ ဆိုက်ကားစီး၍ လှည့်လည်လည်ပတ်ရာတွင် မြို့နယ်၏ ဂုဏ်သိက္ခာ၊ ဆိုက်ကား အသင်း၏ ဂုဏ်သိက္ခာများ ထိခိုက်မှုမရှိစေရေးနှင့် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြား ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် သွားလာလည်ပတ်မှုမျိုးရရှိစေရန် ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲနှင့် ဆိုင်ကယ်ပုံပြောင်း ယာဉ်များ များပြားလာပြီး မြို့တွင်း/ မြို့ပြင် ခရီးသည်ပို့ဆောင်ပြေး ဆွဲလျက်ရှိသည့်အတွက် ဆိုက်ကားများ ခရီးသည်ရရှိမှု လျော့နည်းသလိုရှိသော်လည်း နိုင်ငံခြားသားခရီးသည်များ ဝင်ရောက်လည်ပတ်မှု များလာသည့်အတွက် ဝင်ငွေမှန်လျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး(ဒလ)