ဒလ ၈ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတွင် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာ၏ အရှေ့ဘက်ခြမ်းရှိ လူသွားလမ်းမှာ ပျက်စီးနေသည့်အတွက် အဆိုပါလမ်းအား အသုံးပြုသွားလာသူများ အခက်အခဲကြုံတွေ့လျက်ရှိကြောင်း သိရသည်။
တံတား စီမံကိန်းအတွက် ဗိုလ်မင်းရောင်လမ်းမကြီးအား စီမံကိန်းဧရိယာအဖြစ် ခြံခတ်ကာရံခဲ့ပြီး အနောက်ဖက်ခြမ်းအား ကွန်ကရစ်ခင်းပေးခဲ့သော်လည်း အရှေ့ဘက်ခြမ်းအား မြေသားလမ်းအတိုင်းသာ ထားရှိခဲ့မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ စီမံကိန်းလုပ်ငန်းခွင်သုံးကားကြီးများ မောင်းနှင် မူများကြောင့် မြေသားလမ်း ပျက်စီးကာ သွားလာမှု အဆင်မပြေဖြစ်ရကြောင်း သိရသည်။
"စီမံကိန်းဧရိယာပြင်ပကို ဒေသခံများ သွားလာရေးအဆင်ပြေဖို့ ကွန်ကရစ်ခင်းတယ်ဆိုရင် နှစ်ဖက်လုံး ခင်းပေးသင့်တယ် ၊ခုတော့ကျနော်တို့ဖက်က မခင်းဘူး၊ မြေသားလမ်းက ပျက်စီးဗွက်ထနေတော့ သွားလာရေး ခက်နေတယ်" ဟု အဆိုပါ ရပ်ကွက်နေပြည်သူများက ပြောသည်။
သွားလာမှုခက်ခဲပြီး ဗွက်ထနေသော အဆိုပါ လမ်းအား တာဝန်ရှိသူများ လာရောက်ကြည့်ရှုကာ အမြန်ဆုံး ပြုပြင်ပေးစေ လိုကြောင်းလည်း သိရသည်။
မောင်ယဉ်ဉီး(ဒလ)


