မင်းတုန်း မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်း သက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ ဒလယ်ပြင်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းပေါ်၌ ကျောက်ရိုးစီသံဘောင်ရက်မကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ယခုနှစ် မတ်လပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ကျောက်ရိုးစီသံဘောင်ရက်မကွန်ကရစ်တံတားကို ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀ ဖြင့် အလျားပေ ၂၀၊ အကျယ် ၁၄ပေ၊ အမြင့် ၆ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောသည်။
ဒလယ်ပြင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ တံတားသည် အဆိုပါကျေးရွာရှိ အိမ်ခြေ ၈၁ အိမ်၊ လူဦးရေ ၂၇၂ ဦးတို့၏ ကျေးလက်လယ်ယာ ၁၅၆ ဧကကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီလွယ်ကူ လျင်မြန်စွာ တင်ပို့နိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများအတွက် အကျိုးပြုလျက်ရှိကြောင်း ပြောပြခဲ့သည်။
စိုးမိုးကျော်


