၂၂ ဧပြီ

 

မန္တလေးလို့  ဆိုလိုက်တာနဲ့   မူလပထမက ရိုးရာယဉ်ကျေးမှုအနုပညာ၊ ထီးသုံးနန်းသုံး၊ တင်းတိမ်ရောင့်ရဲခြင်း၊ ရိုးသားမှု၊ ဓလေ့ထုံးစံ၊ ရိုင်းပင်းမှုနဲ့ အစဉ်အလာ ဆိုတာကိုအခြေခံတာပါ။ ဒါပေမယ့် မန္တလေးဆိုရင်အစွဲအလမ်း၊ ဒေသစွဲ၊ အုပ်စု၊ ဂိုဏ်းဂဏအသွင် တလွဲမြင်သွားတတ်သေးပါတယ်။ ကျွန်တော့်မိဘများက အညာကျေးလက် ဘုတလင်မြို့နယ်ဇာတိတွေဖြစ်ပေမယ့် အိမ်ထောင်ကျလာတော့ မန္တလေးတက်လာပြီး အခြေချခဲ့ကြတာပါ။ မန္တလေးမှာပဲ ကျွန်တော့်ကိုမွေးခဲ့တာပါ။

 

၁၃၀ဝပြည့်မတိုင်ခင် ၁၀ နှစ်လောက်ကတည်းက

 


မိဘများက မန္တလေးမှာ ၁၃၀ဝပြည့်မတိုင်ခင်၁၀ နှစ်လောက်ကတည်းက အခြေချခဲ့ကြပြီး တစ်မြို့လုံးအနှံ့ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းခဲ့ကြသူတွေပါ။ ပြီးတော့ မန္တလေးမှာ အခြေချနေထိုင်ခဲ့တဲ့ နေရာကလည်း ရပ်ဆွေရွာမျိုးအဆက်အစပ်နဲ့ မန္တလေးအိမ်တော်ရာ ဘုရားတောင်ဘက်မုခ်အနီးက စိုင်ပြွန်မင်းသားကြီးဝင်းထဲမှာပါ။ စိုင်ပြွန်မင်းသားကြီးဝင်း ဆိုတာ မန္တလေးမြို့မတည်ခင် အိမ်တော်ရာ ဘုရားဝင်း နေရာမှာ ပုဂံမင်းသားစံအိမ် ဆောက်လုပ်နေထိုင်စဉ်ကတည်းက ပုဂံမင်းနဲ့အတူနေခဲ့ကြတဲ့ မင်းသားကြီး ပိုင်တဲ့ဝင်းပါ။ နောက်ဆက်လက်ပြီး မင်းသားကြီးရဲ့မြေးများနေထိုင်ခဲ့ကြပါတယ်။ အခုထိ မြေးမြစ်များရဲ့အဆက်အသွယ်များချည်းပါပဲ။

 

ဒီတော့ စိုင်ပြွန်မင်းသားကြီးဝင်းထဲမှာ နေခဲ့ကြတော့ မင်းသားကြီးရဲ့မြေးမြစ်များဆီက ထီးနန်းဆိုင်ရာ  ဗဟုသုတတွေ၊ မန္တလေးမြို့တည်နန်းတည်ခြင်းဆိုင်ရာ  သမိုင်းတွေ၊ ပါးစပ်ရာဇဝင်တွေကို ညချမ်းအချိန်မီးလှုံကာ ထန်းပင်မြစ်ဖုတ်စားရင်း၊ ပဲမြစ်ပြုတ်စားရင်း ကျွန်တော့်မိဘများက အတော်နားရည်ဝစွာ ကြားနေရတယ်။ ဒီစကားတွေက ကျွန်တော့်အဖို့ အမေ့ဆီက မရိုးနိုင်မဆုံးနိုင်တဲ့ အိပ်ရာဝင်ပုံပြင်တွေပါပဲ။ ပြီးတော့မိဘများက မြို့လုံးအနှံ့ ခေါင်းရွက်ဗျပ်ထိုးဈေးရောင်း ကြရတော့ တစ်မြို့လုံးက ဝင်းတွေအကြောင်း၊ လမ်းတွေအကြောင်း၊ ဆိုင်ကြီးကနားကြီးတွေအကြောင်း၊ သူတို့ဖောက်သည် မန္တလေးသူမန္တလေးသားကြီးတွေအကြောင်း မဆုံးနိုင်အောင် ကြားနေရပါတယ်။

 

ပြပေါက်စေ့၊ ဝင်းပေါက်စေ့ပွဲလမ်းရှိလို့ မိဘတွေလက်ဆွဲပြီး ပွဲဈေးသွားတဲ့အခါ သီတင်းကျွတ်မီးလမ်းလျှောက်တဲ့အခါ လမ်းဘေးက အဆောက်အအုံကြီးတွေ လက်ညှိုးထိုးထိုးပြပြီး ဘာ အဆောက်အအုံခေါ်တယ်။ ဘယ်သူနေတာ၊ ဘယ်သူပိုင်တာ၊ စစ်ကြီးတုန်းကဘာရုံးဖွင့်ခဲ့တာ၊ ဗိုလ်ဘယ်သူနေခဲ့တာ၊ သခင်ဘယ်သူနေခဲ့တာ၊ အာဇာနည် ၁၇ ဦး အရေးတော်ပုံတုန်းက ဒီအဆောက်အအုံထဲကို ဒဏ်ရာရတဲ့သံဃာတွေဆွဲသွင်းခဲ့တာ၊ လေဘာတီမမြရင်ပွဲက အပြန်     ကုလားသူဌေးကားနဲ့ပါအသွား     ဟောဒီအဆောက်အအုံကြီးရှေ့ရောက်တော့ ကာလသားတွေက ပုလင်းနဲ့ပစ်တာ။ ဟောဒီဝင်းကြီးထဲမှာ နဂါးဒေါ်ဦးတို့ညီအစ်မတွေ ကြက်တောင်ရိုက်နေကြတာ ကြည့်ကောင်းလို့ ဈေးဗန်းချပြီး တစ်မနက်ခင်းလုံးထိုင်ကြည့်ဖြစ်တာ။ ဇာတ်ဆရာကိုခင်သက်အိမ်ရှေ့ ဈေးအထမ်းချတော့ ရွှေမန်းကိုတင်မောင်က သျှောင်ပေစူးကလေးနဲ့လာထိုင်ပြီး ဈေးဆစ်တတ်တာ။ နေသူရိန်ဝင်းမြောက်ပေါက်နားမှာ ဩဘာသောင်းကို ကတ္တီ်ပါ ပုံတော်ဖိနပ်အမြင့်ကြီးနဲ့ အမြဲတွေ့တာ အဲဒီလိုစကားမျိုးကလည်းနားလျှံအောင် ကြားနေရတာက ငယ်စဉ်ကတည်းကပါ။ မန္တလေးတစ်မြို့လုံး  ပြပေါက်စေ့၊  ဝင်းပေါက်စေ့ဈေးရောင်းကြတာက အဖေတို့အမေတို့တင် ဘယ်ကမလဲ။ ဦးလေးတွေ၊ ဦးကြီးတွေ၊ အဒေါ်တွေရောဆိုတော့ တစ်မြို့လုံးအနှံ့ အကြောင်းချင်းရာတွေကို ကြားဖူးနေတာပါ။

 

မြန်မာ့နိုင်ငံရေးသမိုင်း ဖြတ်ပိုင်းပုံရိပ်တွေ

 


နောက်တစ်ခုက မန္တလေးဆိုတာ မြန်မာအများစုနေထိုင်ရာမြို့ ဖြစ်ခဲ့တယ်။ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့ဖူးတဲ့ မြို့ဖြစ်တယ်။ မြန်မာ့စရိုက်၊ မြန်မာ့အနုပညာ၊ မြန်မာ့ယဉ်ကျေးမှုသာမက မြန်မာ့နိုင်ငံရေးသမိုင်းဖြတ်ပိုင်းအတော်များများရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတဲ့မြို့ ဖြစ်တယ်။ ဒီပုံရိပ်တွေဟာ မန္တလေးရဲ့ လမ်းတွေပေါ်မှာထင်ဟပ်နေတာပေါ့။ ဒီအဆောက်အအုံက ဂျပန်တော်လှန်ရေးအတွက် အထက်ဗမာပြည် စစ်ရုံးစိုက်ပြီးဗိုလ်မှူးဗထူးရုံးထိုင်တဲ့ အဆောက်အအုံက အထက်ဗမာပြည် ဖ-ဆ-ပ-လ အဖွဲ့ချုပ်ရုံး။ ဒီကျောင်းက ဂျပန်ခေတ်ဆေးရုံကြီး။ ဒီအိမ်မှာ သခင်ဗဟိန်းနေခဲ့တာပေါ့။ ဒီဇရပ်ကြီးမှာ မြို့လုံးကျွတ်စည်းဝေးခဲ့တာ ဆိုတာမျိုးပေါ့။

 

ဒီတော့ မန္တလေးရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေကို မန္တလေးမှာရှိခဲ့တဲ့ ရုပ်ဝတ္ထု အဆောက်အအုံကြီးတွေကတစ်ဆင့် သတိရကြ၊ အမှတ်ရကြရတာပါ။ မန္တလေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေက မြန်မာ့နိုင်ငံရေး၊ လူမှုရေးပုံရိပ်တွေပဲ မဟုတ်ပါလား။ ပြီးတော့ မန္တလေးဟာ မြန်မာ့စရိုက် အပြည့်ရှိခဲ့တဲ့မြို့မို့ လူမှုဆက်ဆံရေးက မြန်မာ့လူမှုဆက်ဆံရေး။ တောင်ပြင်၊ မြောက်ပြင်၊ အရှေ့ပြင်၊ အနောက်ပြင် ထားဝယ်ဓမ္မာရုံဘုရားပွဲမှာ ပွဲကြည့်သွားပြီး ညဉ့်နက်လို့ အိမ်မပြန်ရဲစရာမရှိဘူး။ ထားဝယ်ရပ်ထဲမှာ မိတ်ဆွေတွေရဲ့ အိမ်ရှိပြီးသား။ ဒီလိုပါပဲ နန်းရှေ့သားကလည်း ပိုက်ကျုံးမှာ စားအိမ်၊ သောက်အိမ်တွေ ရှိနေတတ်တယ်။ ဒီလိုဆက်ဆံမှုမျိုးက အထင်ကရပုဂ္ဂိုလ်၊ အထင်ကရအိမ်ဆိုတာမျိုးဆို ပြောစရာမလိုဘူး။ တစ်မြို့လုံးက ရင်းနှီးပြီးသား။ ဒီလိုဆက်ဆံရေးကို ကျွန်တော်တို့ မီလိုက်တယ်။ အဲလိုမီတုန်းမီဆဲ မသိမသာဖြတ်သန်းရင်း ရှိရင်းစွဲနဂိုမူလ ဆက်ဆံရေးတွေက ပြောင်း မှန်းမသိ တဖြည်းဖြည်းပြောင်းလဲသွားတယ်။

 

dddd

 

မြို့လယ်ကောင် မီးကြီးလောင်လိုက်တော့


အဲဒီလိုပြောင်းလဲနေဆဲ ဝုန်းဆို ၁၉၈၄ ခုနှစ်မြို့လယ်ကောင် မီးကြီးလောင်လိုက်တော့ မီးလောင်ပြီး နောက်ပိုင်း မသိမသာတဖြည်းဖြည်း ပြောင်းလဲနေတဲ့လူမှုဆက်ဆံရေးနဲ့ ပတ်ဝန်းကျင် အနေအထားက ၁၈၀ ဒီဂရီချိုးကွေ့ပြီး သိသာမှုကြီးမားစွာ ပြောင်းလဲသွားတော့တာပေါ့။ လောင်လိုက်တဲ့မီးကလည်း တောင်၃၄လမ်းကနေ ဟိုးမြောက် ၂၄ လမ်းလောက်ထိ။ အရှေ့အနောက်ဆိုရင်လည်း ၈၁ လမ်းနဲ့ ၈၄ လမ်းကြား၊ မန္တလေးရဲ့အထင်ကရ အသည်းနှလုံးရပ်ကွက်ကြီးတွေ ကုန်ပါလေရော။ ဒီရပ်ကွက်ကြီးတွေထဲမှာ စောစောကပြောခဲ့တဲ့ မန္တလေးရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးတွေ၊ အထင်ကရအဆောက်အအုံတွေရှိခဲ့တော့ မီးလောင်ပြင်က ပြန်လည်တည်ဆောက်လာတဲ့ အဆောက်အအုံတွေဟာ အရင်အဆောက်အအုံတွေ မဟုတ်သလိုအရင်လူတွေ မဟုတ်တော့ဘူး။ မျက်နှာစိမ်း၊ မျက်နှာသစ်တွေ။ အဲဒီရပ်ကွက်ကြီးတွေရဲ့  ရာနှုန်းအတော်များများဟာ ထိုနည်းတူစွာ ပြောင်းလဲကုန်တယ်။ မျက်နှာသစ်၊ မျက်နှာစိမ်းက မန္တလေးရဲ့အစဉ်အလာကိုဘယ်သိပါ့မလဲ။ မန္တလေးစရိုက်လက္ခဏာကို ဘယ်သိပါ့မလဲ။ မန္တလေးယဉ်ကျေးမှု၊ မန္တလေးအနုပညာကိုဘယ်သိပါ့မလဲ။

 

မြို့ရဲ့နှလုံးသည်းပွတ်နေရာတွေက 


ပြောင်းလဲလာတဲ့ခေတ်ကာလနဲ့ တိုးတက်လာတဲ့အနေအထားအရ မြို့ကွက်သစ်ကြီးတွေ တိုးချဲ့လိုက်ပြန်တော့ အနယ်နယ်အရပ်ရပ်ကလက်လုပ်လက်စား အများစုကြီးကလည်း မန္တလေးဆီစုပြုံပြေးကပ်လာ ကြပြီး  မြို့ကွက်သစ်ကြီးတွေမှာ   အခြေချလာကြတယ်။

 

ဒီတော့ မြို့ရဲ့နှလုံးသည်းပွတ်နေရာတွေမှာ အထပ်မြင့်အဆောက်အအုံကြီးတွေက မန္တလေးကို မသိသလိုဟိုကန်သာယာတို့ မြရည်နန္ဒာတို့ ကွက်သစ်တွေက ၁၅ ပေနှင့်ပေ ၃၀ မြေကွက်ပေါ်ရှိ တဲကလေးတွေက လည်း မ္တလေးကိုမသိကြတော့ဘူး။ ၈၄ လမ်း၊ ၃၁လမ်းထောင့်လို့ ပြောမှသိတော့တယ်။ အဲသလိုပဲ လူထုတိုက်မသိကြတော့ဘူး။ နဂါးဒေါ်ဦးတိုက် မသိကြတော့ဘူး။ ပိဋကတ်တော်ပြန့်ပွားရေးတိုက် မသိကြတော့ဘူး။ မာရဂျမ်းတိုက်မသိကြတော့ဘူး။ ရွှေမောင်းတိုက်မသိကြတော့ဘူး။ ဓာတ်စက်ရုံမသိကြတော့ဘူး။ ဒင်္ဂါးတိုက် မသိကြတော့ဘူး။ ပုလဲရုံမသိကြတော့ဘူး။ ကာတစ်တိုက်မသိကြတော့ဘူး။ အာဇာနည်လမ်းမသိကြတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလမ်း မသိကြတော့ဘူး။ အာဇာနည်ဗိမာန် မသိကြတော့ဘူး။ ဈေးချိုရုံကြီး ၁၂ ရုံ မသိကြတော့ဘူး။ ဦးရာဇတ် မသိကြတော့ဘူး။ ၁၄ ခန်းဇရပ် မသိကြတော့ဘူး။

 

ဒါတို့တိုင်းပြည်၊ ဒါတို့မြေ


အဟောင်းတွေ သိစရာမလိုတော့ဘူး၊ နောက်ဆုံးပေါ် အသစ်တွေသိရင်ပြီးတာပဲ။ ဒီလိုပြောလို့တော့ရတာပေါ့။ ဒါပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းဆိုပြီး ကမ္ဘာ့မြေပုံထဲက ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ နယ်နိမိတ်မျဉ်းကြောင်းတွေကို ဘယ်နိုင်ငံဘယ်လူမျိုးကမှ ဖျက်ပစ်မှာမဟုတ်ပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းတွင်တွင်အော်ပြီး မြေပုံနယ်နိမိတ်မျဉ်းကိုချဲ့ထွင်ဖို့ ကြိုးစားကြသူချည်းပါ။ အနည်းဆုံးကိုယ့်နယ်နိမိတ်မျဉ်းကို ပိုပီပြင်အောင်၊ ပိုထင်ရှားအောင် လုပ်ဆောင်ကြ မယ့်သူချည်းပဲ မဟုတ်ပါလား။
ဒါကြောင့် ကမ္ဘာ့မြေပုံပေါ်မှာ ကွင်းကွင်းကွက်ကွက်ထင်ထင်ရှားရှားရှိခဲ့၊ ရှိဆဲဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် မြေပုံကိုကြည့်ကာ ‘ဒါတို့တိုင်းပြည်၊ ဒါတို့မြေ’ လို့ ရင်ထဲအသည်းထဲက ခြွင်းချက်မရှိ သီဆိုဟစ်ကြွေးနိုင်ဖို့က သမိုင်းကိုသိရမယ်။ အစဉ်အလာ ကိုသိရမယ်။ ဇာတိကိုသိကြရပါမယ်။ ဒါမှ မအကြမှာပေါ့။

 

ဆူးငှက်