ပဲခူး နိုဝင်ဘာ ၁၁
ဒဿမအကြိမ်မြောက် ပဲခူးမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်၍ ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်နှင့် ရိုးရာအစဉ်အလာမပျက် ပွဲလမ်းသဘင်များကို ဆက်လက်ကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့မိ/မြို့ဖများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ပြည်သူလူထု၏ ပူးပေါင်းဝင်ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိကြောင်း၊ ပြည်သူလူထုအားလုံး မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်တွဲညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားပြီး ပရဟိတအသင်းများအတွက် အင်္ကျီအထည် (၁၀၀၀) ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး ပြည်သူများနှင့်အတူတကွ နေလယ်စာ သုံးဆောင်ကြသည်။
ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပက အဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)