၂ အောက်တိုဘာ

မန်ယူအသင်းက ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီကို တစ်ပတ်လုပ်ခ ပေါင် ၂၁၅၀၀၀ နဲ့ အငှားခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဒီအပြောင်းအ‌ရွှေ့က ဖြစ်လာနိုင်ဖို့ အလားအလာများနေတယ်လို့ အင်္ဂလန်က လာတဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

မန်ယူအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို ပစ်မှတ်ထားနေရာက ဒမ်ဘီလီဆီကို မျက်စိကျလာတာ ဖြစ်ပါတယ်။ ဆန်ချိုအတွက် ပေးရမယ့်ပြောင်းရွှေ့ကြေးက ကိုဗစ်-၁၉ ရောဂါကြောင့် ဝင်ငွေထိခိုက်ခဲ့ရတဲ့ မန်ယူအတွက် များပြားလွန်းနေတာကြောင့်လည်း ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတာပါ။

 

မန်ယူနည်းပြဆိုးရှားကတော့ အောက်တိုဘာ ၅ ရက်မှာ ပိတ်သိမ်းမယ့် အပြောင်းအရွှေ့မတိုင်မီ အခုအပြောင်းအရွှေ့ကို လျင်လျင်မြန်မြန် ပြီးပြတ်လိုပြီး ဘာကာကလည်း မန်စီးတီးရဲ့ အဲရစ်ဂါစီယာကို ခေါ်ယူဖို့ ဘဏ္ဍာရေး အင်အားတောင့်တင်းချင်တာကြောင့် ဒမ်ဘီလီကို ပေးချေနေရတဲ့ လစာကို လျှော့ချဖို့ မန်ယူရဲ့ ကမ်းလှမ်းမှုကို လက်ခံနိုင်ဖွယ်ရှိနေပါတယ်။

 

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက တံကောက်ကြော ဒဏ်ရာနှစ်ကြိမ်ဆက် ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၁ လက နောက်ဆုံးအကြိမ် ပွဲထွက်ကစားခဲ့တာကြောင့်လည်း ဘာစီလိုနာ ဘက်ကလည်းဒဏ်ရာ မကြာခဏရရှိနေတဲ့ ဒမ်ဘီလီကို လက်ရှိပေးနေတဲ့ လစာနှုန်းထားအတိုင်း အပြည့်အဝကမ်းလှမ်းမယ့် အသင်းတစ်သင်းဆီ အငှားချဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒမ်ဘီလီဟာစက်တင်ဘာ ၂၈ ရက် အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ၁၅ မိနစ်နောက်ကျပြီး ရောက်လာတာကြောင့်လည်း နည်းပြ ရော်နယ်ကိုးမန်းရဲ့ မှတ်တမ်းမှာ စည်းကမ်းလိုက်နာမှု အားနည်းတဲ့ကစားသမား အဖြစ် စာရင်းဝင်ထားပါတယ်။

မေလဲ့သင်း