ဒါမွန်အယ်လ်ဘရန်ရဲ့ စွပ်စွဲချက်တွေကို တေလာဆွစ် တုံ့ပြန်

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် တစ်ဦးဖြစ်သူ တေလာဆွစ်က သူ့ရဲ့ တေးသီချင်းတွေနဲ့ ပတ်သက်ပြီး တေးသံရှင်တစ်ဦးဖြစ်တဲ့ ဒါမွန်အယ်လ်ဘရန်ရဲ့ စွပ်စွဲချက်တွေကို လတ်တလောမှာ တုံ့ပြန်ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဒါမွန်အယ်လ်ဘရန်က တေလာဆွစ်အနေနဲ့ သူ့ရဲ့တေးသီချင်းတွေကို ကိုယ်တိုင်ရေးသားခဲ့တာ မဟုတ်ကြောင်း အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့တာပါ။ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါမွန် အယ်လ်ဘရန်က တေးသီချင်းတွေကိုရေးသားရာမှာ တေးရေးတစ်ဦးနဲ့ အခြားသူတစ်ဦးနဲ့ တွဲဖက် ရေးသားတဲ့ တေးရေးတစ်ဦးအကြား ကွာခြားချက်တွေ များစွာရှိကြောင်း၊ တေလာဆွစ်အနေနဲ့ သူ့ရဲ့ တေးသီချင်းတွေကို ကိုယ်တိုင်ရေးသားခြင်းမဟုတ်ဘဲ အခြားသူနဲ့ တွဲဖက်ရေးသားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒါမွန်အယ်လ်ဘရန်က သူဟာ တေလာဆွစ်ရဲ့ တေးသီချင်းတွေထက် ဘီလီအဲလစ်ရှ်ရဲ့ တေးသီချင်းကို ပိုမိုနှစ်သက်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါမွန်အယ်လ်ဘရန်ရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တေလာဆွစ်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ဇန်နဝါရီ ၂၅ ရက်က တုံ့ပြန်ရေးသားဖော်ပြခဲ့ပါတယ်။ တေလာဆွစ်က သူဟာ တေးသီချင်းတွေကို ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ကြောင်းနဲ့ သူ့ကို ယခုလို စွပ်စွဲပြောကြားခြင်း မပြုမီအထိ သူဟာ ဒါမွန်အယ်လ်ဘရန်ရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တေလာဆွစ်က သူ့ရဲ့ တေးသီချင်းတွေကို ဒါမွန်အယ်လ်ဘရန် မနှစ်သက်တဲ့အပေါ် ဂရုစိုက်မှာ မဟုတ်ကြောင်းလည်း ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

အေးပြည့်