ရန်ကုန် ၂၁ ဇွန် 

 

7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်လမ်း၊ ဇာတ်ညွန်း မိုးနီလွင်၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ Art ဒါရိုက်တာ သြရသတို့ ရိုက်ကူးမည့် "ဒဏ္ဏာရီမိုး" ရုပ်ရှင်ဇာတ်ကားကြီးတွင် စွယ်စုံရအနုပညာရှင်များ အားဖြည့် ဖန်တီးထားပြီး ပရိသတ်များကြည့်ရှုရကျိုး နပ်စေရန်အတွက် ရည်ရွယ်ထားကြောင်း သိရှိရသည်။

 

ဇွန် ၂၅ရက်၌  ရန်ကုန်မြို့ရှိ ကော်ဖီဆိုင်တစ်ခုအတွင်း ရိုက်ကူးရေးများ စတင်မည်ဖြစ်ပြီး မကြာမီ နယ်ရိုက်ကူးရေးများကိုလည်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဇာတ်ကားအတွင်း ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရပြီး ရိုက်ကူးမှုအပိုင်းကို သက်ဆိုင်သူများထံ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ 

 

ဝေမင်းမောင်၊ Media 7 ထုတ်လုပ်ရေး

 

ကျွန်တော်တို့စိတ်ကူးက ရဲတိုက်၊ ဒေါင်းနဲ့ ရွှေထူးတို့က ခပ်ကြမ်းကြမ်းခပ်စွာစွာ ပုံစံတွေဆိုတော့ သူတို့ကို ပေါင်းစပ်ပေးလိုက်ရင် ပရိသတ်လည်း အမြင်တစ်မျိုးထူးစေမယ်လို့ ယူဆပါတယ်။ မင်းသားသုံးလက်နဲ့ မင်းသမီးတစ်လက်ဆိုတာကတော့ နည်းနည်းဆန်းသွားအောင် ကြိုးစားပေါင်းစပ်ပေးတာ။ ဇာတ်လမ်းကတော့ ပရိသတ်ကြိုက်မယ်လို့ ယူဆရပါတယ်။ 

 

ဒါရိုက်တာ ဝင်းလွင်ထက်

 

ဝထ္ထုကို စပြီးရိုက်မယ်ရည်စူးတော့ အားလုံးသေသေချာချာ တိုင်ပင်ပြီးမှ ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်တွေကို ဘယ်သူက ဘယ်နေရာမှာလိုက်ဖက်မလဲဆိုတာ ရွေးချယ်ပါတယ်။ ဇာတ်လမ်းက ရိုမန့်တစ်ဆန်ပြီး ဒရမ်မာဘက်ကိုလည်း သက်ရောက်နေတယ်။ 

 

ဒေါင်း

 

ကျွန်တော်က ဒီကားထဲမှာ  သူဌေးသားတစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ်။ သိပ်ချမ်းသာတဲ့သူ ၊ လိုချင်တာရှိရင် မရရအောင်ယူတက်တဲ့ ခပ်ဆိုးဆိုးလူငယ်တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်၊ ဇာတ်လမ်းဆိုတာကလဲ အပြိုင်သရုပ်ဆောင်ကြမှဆွဲဆောင်မူရှိမှာဆိုတော့ ကျွန်တော်ကတော့ ဒီကားမှာ ဇာတ်ကောင်ပိုင်း ကို အပျော့ ၊အမာ ဆိုပြီးနှစ်မျိုး သရုပ်ဆောင်ရမှာဆိုတော့ သဘောကျပါတယ်။ 

 

ရွှေထူး

 

ရင်ခုန်တာတော့အမှန်ပဲ။ ကျွန်တော်နဲ့ တွဲရိုက်မယ့်သူတွေက ကိုရဲတိုက် ၊ကိုဒေါင်း ၊မဝတ်မှုန်ရွှေရည် တို့ဆိုတော့ ကိုယ့်ထက်အများကြီး သရုပ်ဆောင်ကျွမ်းကျင်သူတွေပေါ့။ယခုဇာတ်လမ်းက ကျွန်တော် ရဲ့ တတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ အရှေ့မှာရိုက်ထားတဲ့  ဇာတ်ကောင်စရိုက်က ပုံစံတစ်မျိူးပါ။ အခုက ဇာတ်ကောင် စရိုက်အသစ်တစ်မျိူးဆိုတော့ ကျွန်တော်အတွက် စိန်ခေါ်မူတစ်ခုဆိုလည်းမမှားပါဘူး။ ရှိန်နေတာတော့အမှန်ပဲ ။မဝတ်မှုန်ရွှေရည်နဲ့က အရင်ကကြော်ငြာတွေရိုက်ဖူးတော့ အတွေ့အကြုံရှိထားပေမယ့် ကိုဒေါင်းနဲ့ ကိုရဲတိုက်တို့ ကိုတော့ ရှိန်နေသေးတယ်။

 

အကယ်ဒမီဝတ်မှုံရွှေရည်

 

ဒါရိုက်တာက ဒီကားနဲ့ပတ်သက်ပြီး ဇာတ်ကို မပြောပြဖို့   ပြောထားတော့ ပရိသတ်ကြီးအတွက် အံ့သြသွား မှာပါ။ ဒါပေမယ့် တကယ်ကိုကောင်းတဲ့ ဇာတ်အိမ်လေးပါ။ ဒီလိုဇာတ်လမ်းမျိုးလေးတွေက ရှားလာပြီလို့ ကျွန်မကတော့ ထင်တယ်လေ။ ပရိသတ်အကြိုက်တွေ့စေမယ့်ကားဖြစ်လာမယ်လို့ ထင်ပါတယ်။  ဒေါင်း နဲ့ကလဲ ရှေ့မှာ သရဲကားလောက်ပဲရိုက်ခဲ့ဘူးတာပါ။ ရွှေထူးနဲ့ဆို ကစ်အတွက် ဇာတ်ကားရိုက်ရာမှာ ပထမဆုံးတွေ့ရတာ။ ကိုရဲတိုက်ကတော့ အရင်က ကျွန်မနဲ့ အများကြီးရိုက်ထားတာတွေရှိပါတယ် ။ ဇာတ်ညွန်းကိုဖတ်ကြည့်တော့ ဇာတ်ရဲ့အသွားအလာက အင်မတန်ကောင်းပါတယ်။

 

ကိုလင်း