နေပြည်တော် ၁၁ မေ
Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပြုပြင်ပြောင်းလဲရေးစီမံချက် Plan of Action ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ Doing Business အညွှန်းကိန်းအဖွဲ့များနှင့် အထောက်အကူပြုအဖွဲ့တို့သည် Doing Business 2021 အစီရင်ခံစာအတွက် ပြုပြင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ကမ္ဘာဘဏ်၏ Doing Business Team သို့ Video Conferencing ဖြင့် မေ (၄) ရက် (၅) ရက်နှင့် (၇)ရက်များတွင် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် Data Update များကိုလည်း မေ (၁၅) ရက်မတိုင်မီ ပေးပို့သွားရန်ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ မေးခွန်းများနှင့် စပ်လျဉ်း၍ ဖြေဆိုနိုင်ရေး ကိုလည်း ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ယခုကြုံတွေ့နေရသည့် အခက်အခဲများပြီးဆုံးပါက Doing Business Reform ကို အပြည့်အဝ အာရုံစိုက်နိုင်မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားသည့် အခြေအနေ များမှာလည်း အောင်မြင်မှု အထိုက်အလျောက်ရရှိခဲ့ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ Doing Business အညွှန်းကိန်း အဖွဲ့ခေါင်းဆောင်များနှင့် အထောက် အကူပြုအဖွဲ့များ၊ International Finance Corporation (IFC) မှ Senior Private Sector Specialist – Mr. Jose Ricardo Silva၊ Consultant–Mr. Antony Dickinson နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


