ပဲခူး ၆ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ် (Tangible Culture) နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Culture) များ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်း အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ သမိုင်းပညာရှင်များက သမိုင်းအထောက်အထားများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြသည်။ အခမ်းအနားသို့ ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဌာနဆိုင်ရာများ၊ သမိုင်းပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများစွာတည်ရှိနေပြီး ဒြပ်ရှိယဉ်ကျေးမှုများအနက်မှ သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ အနုပညာတန်ဖိုး၊ မနုဿ ဗေဒတန်ဖိုးများနှင့် စံချိန်စံညွှန်းဝင်သော ဒြပ်ရှိယဉ်ကျေးမှုများကို နောင်လာနောင်သားများ သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းသုတေသနပြုခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်စိုး(ပဲခူး)