ဂျီနီဗာ မေ ၂၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRCတွင် လျင်မြန်စွာကူးစက်ပြန့်ပွားလျက်ရှိသော အီဘိုလာရောဂါကြောင့် သံသယရှိသေဆုံးသူပေါင်း ၂၂၀ ရှိလာပြီဖြစ်ပြီး ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ဖော်ပြောကြားသည်။
ရောဂါပိုးအတည်ပြုစစ်ဆေးတွေ့ရှိသူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း စာရင်းသွင်းမှတ်တမ်းတင်ထားသော်လည်း အမှန်တကယ်ဖြစ်ပွားမှုမှာ ပိုမိုများပြားနိုင်သည်ဟု WHO အကြီးအကဲ တက်ဒရို့စ်အက်ဟာနွန်ဂါဘရီယက်ဆုစ်က ပြောသည်။ ယခုအခါ ရောဂါပိုးကူးစက်နိုင်ခြေ သံသယရှိသူပေါင်း ၉၀၀ ကျော်နှင့် အီဘိုလာသံသယရှိ သေဆုံးသူပေါင်း ၂၀၀ ရှိကြောင်း မေ ၂၅ ရက်တွင် ပြုလုပ်သော ဘွန်ဒီဘူဂျိုအီဘိုလာကူးစက်မှုဆိုင်ရာ ဝန်ကြီးများအဆင့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် တက်ဒရို့စ်က ပြောကြားသည်။
မေ ၁၇ ရက်က နိုင်ငံတကာစိုးရိမ်ဖွယ်ရာ အများပြည်သူဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသော အီဘိုလာရောဂါကူးစက်မှုသည် ယူဂန္ဓာနိုင်ငံတွင်လည်း ဖြစ်ပွားလျက်ရှိရာ အီဘိုလာရောဂါအတည်ပြုလူနာ ငါးဦးနှင့် တစ်ဦးသေဆုံးမှုရှိကြောင်း သိရသည်။
ဆင်ဟွာ


