ကိုလင်း
လွန်ခဲ့သည့် ခြောက်လခန့်က လူမှုကွန်ရက်တွင် နာမည် ကြီးခဲ့သော အသတ်ခံခဲ့ရသည့် မြမြ ဆိုသူ မိန်းကလေး၏ ဝိဉာဉ်က ဝင်ရောက်ပူးကပ်မှုများ ဖြစ်ပွားခဲ့သည်ဆိုသည့် ကိစ္စအပေါ်အခြေခံ၍ ဒါရိုက်တာ ညိုမင်းလွင်က ရုပ်ရှင်ကားကြီးတစ်ကားကို မြ ဟူသောအမည်ဖြင့် ရိုက်ကူးမည်ဖြစ်ပြီး ထိုရုပ်ရှင်အတွက် လူကြမ်းသရုပ်ဆောင်သစ်များကို စက်တင်ဘာ ၈ ရက် တွင် ရွေးချယ်သွားမည်ဟု သိရသည်။
မြ ရုပ်ရှင်ဇာတ်ကားသည် ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံးရိုက်ကူးမည့် သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစား ဖြစ်လာမည်ဖြစ်ပြီး ဒါရိုက်တာ ညိုမင်းလွင် က အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဆိုသည့် နေရာများကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့သလို ရိုက်ကွင်းနေရာများကိုလည်း ကြည့်ရှုပြီးသွားပြီဖြစ်ကြောင်း သိရသည်။ မြရုပ်ရှင်အတွက် အဓိက ဇာတ်ကောင် မြ၏နေရာတွင် မင်းသမီး သင်ဇာဝင့်ကျော် ကို ဒါရိုက်တာညိုမင်းလွင်က ရွေးချယ်ထားပြီး လူကြမ်းသရုပ်ဆောင်နေရာအတွက်မူ လူသစ်များ လျှောက်ထားနိုင်ကြောင်း ကြေညာထားကာ စက်တင်ဘာ ၈ ရက်တွင် ရွေးချယ်သွားမည်ဖြစ်သည်။
မြဇာတ်ကောင်အဖြစ် သင်ဇာဝင့်ကျော်ကို ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာညိုမင်းလွင်က “ကျွန်တော် နဲ့ ညီမလေး သင်ဇာဝင့်ကျော်က လူသားများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်ဆိုတဲ့ သရဲကားမှာစပြီး လက်တွဲဖြစ်ခဲ့ပါတယ်၊ ပရိသတ်လက်ခံတဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့တယ်၊ အဲဒီတော့ အခု ကျွန်တော်က ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကား ရိုက်မယ့်အချိန်မှာ ကျွန်တော် သူ့ကိုပဲ ရုတ်တရက်မြင်တယ်ပေါ့။ နောက်တစ်ခုက သူနဲ့ ကျွန်တော်က အရှေ့မှာ ဗီဒီယိုကားတွေ ရိုက်ခဲ့ဖူးတယ်ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသားလေ။ သူလုပ်နိုင်တာကိုလည်း ကျွန်တော်သိတယ်။ ကျွန်တော် ဘယ်လိုရိုက်မယ်ဆိုတာ ကိုလည်းသူသိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အများကြီး ညှိစရာမလိုတဲ့ မင်းသမီးထဲမှာ ပါတယ်။ ဒါကြောင့် သူ့ကို ရွေးချယ်ဖြစ်တာပါ”ဟု ပြောသည်။
အဆိုပါ ဇာတ်ကားအတွက် လိုအပ်သည့် လူကြမ်းဇာတ်ရုပ်အတွက် သရုပ်ဆောင်သစ်များ ရွေးချယ်ရန် ကြေညာထားရာ ၁၆၆ ယောက် လာရောက်လျှောက်ထားကြပြီး ဒါရိုက်တာ ညိုမင်းလွင်အနေဖြင့် လျှောက်ထားသည့် သရုပ်ဆောင်သစ်များထဲမှ ဗီလိန်ဇာတ်ကောင်၊ လူကြမ်းဇာတ်ရုပ်နှင့် လိုက်မည့်သူ သုံးဦးကိုသာ အဓိကထား ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။
လူကြမ်းသရုပ်ဆောင်သစ်များ ရွေးချယ်ခြင်းနှင့် ပတ်သက်၍လည်း ညိုမင်းလွင်က “ရုပ်ရှင်လောက အတွက်လည်း အကျိုးရှိတဲ့အရာတစ်ခု ဖြစ်လာမှာပါ။ လျှောက်ထားကြတဲ့အထဲက ဒီကားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မပါတဲ့ တခြားလူတွေကိုလည်း သူတို့ရဲ့ပရိုဖိုင်တွေကို မှတ်ထားပြီး တခြားကားတွေမှာလည်း ရိုက်သွားဖို့ရှိပါတယ်၊ ရွေးချယ်ပွဲကိုတော့ စက်တင်ဘာ ၈ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ ရွေးချယ်ခံရသူတွေကို ကြေညာသွားမှာဖြစ်ပါတယ်”ဟု ဆက်ပြောသည်။
မြန်မာ့အလင်း