ဂျေရုဆလင် ဒီဇင်ဘာ ၃၀
ဒရုန်းကိုအသုံးပြု၍ နိုင်ငံတွင်းသို့ လက်နက်များခိုးသွင်းရန် ကြိုးပမ်းမှုကို တားဆီးခဲ့သည်ဟု အစ္စရေးစစ်ဘက်က ဒီဇင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
အမ်-၁၆ ရိုင်ဖယ် အလက် ၂၀၊ သေနတ်ပြောင်းတစ်ခုနှင့် အပိုလက်နက်များ သယ်ဆောင်လာသော ဒရုန်းတစ်စင်းသည် အနောက်ဘက်ကမ်းမှ အစ္စရေးပိုင်နက်ထဲသို့ ဖြတ်ကျော်ဝင်ရောက်လာခြင်းကို အစ္စရေးလေတပ်က တွေ့ရှိပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များသည် ၎င်းဒရုန်းကို ညတွင်းချင်းပစ်ချခဲ့သည်ဟု အစ္စရေးစစ်ဘက်က ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လိုအပ်သည်များ ဆက်လက် စစ်ဆေးဆောင်ရွက်နိုင်ရန် အဆိုပါလက်နက်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ယင်းကြေညာချက်တွင် ထပ်မံဖော်ပြခဲ့သည်။
ဒရုန်းများကို အသုံးပြု၍ ဂျော်ဒန်နှင့် အီဂျစ်နယ်စပ်များမှ နိုင်ငံအတွင်းသို့ လက်နက်မှောင်ခို သယ်ဆောင်လာမှု မြင့်တက်လာခြင်းအပေါ် အစ္စရေးလုံခြုံရေး တာဝန်ရှိသူများက စိုးရိမ်ပူပန်မှု တိုးလာသည်။
ရှင်ဘတ်ဟုခေါ်သည့် ပြည်တွင်းလုံခြုံရေးအေဂျင်စီအကြီးအကဲ ဒေးဗစ်ဇီနီက အဆိုပါကိစ္စအား ဆက်လက်ဖြစ်ပွားနေသော ကပ်ဆိုးကြီးတစ်ခုအဖြစ် ဖော်ပြလိုက်ပြီး အစ္စရေးနိုင်ငံအတွက် မဟာဗျူဟာမြောက်ခြိမ်းခြောက်မှုတစ်ခုဟု ယခုလအစောပိုင်းကတည်းက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အစ္စရေးပိုင်နက်အတွင်းသို့ ဒရုန်းယာဉ်သောင်းနှင့်ချီ ဝင်ရောက်ကျူးကျော်ခဲ့သည်ဟု အဆင့်မြင့်လုံခြုံရေးအရာရှိတစ်ဦးကို ကိုးကားပြီး နိုင်ငံပိုင် ကန်တီဗွီက ဖော်ပြခဲ့သည်။ ဒရုန်းယာဉ်များကို ပေါက်ကွဲစေသောပစ္စည်းများ၊ လက်နက်ခဲယမ်းမီးကျောက်များ၊ မူးယစ်ဆေးများနှင့် တရားမဝင်ကုန်ပစ္စည်းများအပါအဝင် လက်နက်ထောင်ပေါင်းများစွာ မှောင်ခိုသယ်ဆောင်မှုတွင် အသုံးပြုခဲ့သည်ဟု ကန်တီဗွီတွင် ဆက်လက်ဖော်ပြထားသည်။
ဆင်ဟွာ


