ကလျာမိုးမြင့်

အခုရက်ပိုင်းအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ ဟော်မုဇ်ရေလက်ကြားကို ပျံသန်းလာတဲ့ အမေရိကန်စစ်ဘက်ထောက်လှမ်းရေး ဒရုန်းယာဉ်တစ်စင်းကို ပစ်ချလိုက်ပါတယ်။ အမေရိကန်ရဲ့ ဒရုန်းယာဉ်ကို အီရန်ပစ်ချလိုက်တာဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်တာပဲလို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်က ဒီကိစ္စဟာ လူတွေရဲ့ အမှားကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ၊ ဒီကိစ္စကို တမင်သက်သက်လုပ်တယ်လို့ ယူဆဖို့ခက်တယ်လို့တော့ ထရမ့်က သတင်းထောက်တွေကို ဖြေကြားထားတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်ငြင်းဆန်

ဒရုန်းယာဉ်ဟာ အီရန်လေပိုင်နက်ထဲကို စည်းကမ်းဖောက်ဖျက်ပြီး ဝင်ရောက်လာခဲ့တာလို့ အီရန်ဘက်က အခိုင်အမာဆိုနေပေမယ့် အမေရိကန်ကတော့ အဲဒီလိုမဟုတ်ဘူးလို့ ငြင်းဆန်နေပါတယ်။ အမေရိကန်နဲ့ အီရန်အကြား နဂိုကမှ အစေးမကပ်လှတဲ့ ဆက်ဆံရေးအခြေအနေမှာ ဒရုန်းယာဉ်ကိစ္စက ထပ်ပြီးဖြစ်လာပြန်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က အီရန်အနေနဲ့ အမေရိကန်က ၎င်းတို့ရဲ့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ပစ်ချရတာဖြစ်တယ်လို့ ကုလသမဂ္ဂကို စောဒက တက်ရလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ဖြစ်ဖို့ လိုလားခြင်းမရှိ

ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် မာဂျစ် တက်ခါရာဗန်ချီက ဒရုန်းယာဉ်ဟာ နိုင်ငံတကာစည်းမျဉ်းကို ဗြောင်ကျကျချိုးဖောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ဆောင်ခဲ့တာလို့ ပြောကြားပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီကိုပေးပို့ ခဲ့တဲ့စာထဲမှာ မစ္စတာ ရာဗန်ချီက အီရန်ဟာ စစ်ဖြစ်ဖို့ လိုလားတာမရှိသလို ၎င်းရဲ့ပိုင်နက်ကို ထိပါးကျူးလွန်တာတွေကိုလည်း ခုခံကာကွယ် ပိုင်ခွင့်ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အိမ်ဖြူတော်မှာ စကားပြောခဲ့စဉ်အတွင်း သမ္မတထရမ့်က ဒရုန်းယာဉ်ကို ပစ်ချလိုက်တဲ့ ကိစ္စကို အနာပေါ် လာဆွနေတဲ့ အဖြစ်မျိုးလို့ ဖော်ပြပါတယ်။  ဒရုန်းယာဉ်ဟာ နိုင်ငံတကာ ရေပိုင်နက်ပေါ် ပျံသန်းခဲ့တာပဲဖြစ်တယ်၊ အီရန် လေပိုင်နက်နဲ့ ဘာမှမဆိုင်ဘူး၊ တစ်ယောက်ယောက်က မိုက်မိုက်မဲမဲလုပ်ဆောင်လိုက်တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ဆိုးကျိုးတွေရှိလာနိုင်

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အမေရိကန်နဲ့ အီရန်အကြား စစ်ဖြစ်ခဲ့မယ်ဆိုရင် အဲဒီစစ်ပွဲကြောင့် ကြိုတင်ခန့်မှန်းထားလို့မရတဲ့ ဆိုးကျိုးတွေအများကြီး ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးလျက် ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အကောင်းဆုံးဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကြပ်ကြပ်မတ်မတ်လုပ်ကြဖို့ အဖွဲ့အစည်းတွေအားလုံးကို တိုက်တွန်းနေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ ဒီမိုကရက်တစ် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီ လိုစီက အမေရိကန်ဟာ အီရန်နဲ့စစ်ဖြစ်ချင်စိတ် လုံးလုံးလျားလျားမရှိဘူးလို့ ဆိုနေပြီး ဒီမိုကရက်တစ် သမ္မတရွေးကောက်ပွဲ အမည်စာရင်း တင်သွင်းမှုမှာ ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဦးဆောင်နေတဲ့ ဂျိုးဘိုင်ဒန်က အီရန်အပေါ် ထရမ့်ကျင့်သုံးနေတဲ့ နည်းပရိယာယ်ဟာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွင်းထဲပို့နေတဲ့ လုပ်ရပ် တစ်ခုဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

တုံ့ပြန်ဖို့ တောင်းဆို

အမေရိကန် ဆီးနိတ်လွှတ်တော်က ထိပ်တန်း ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်တဲ့ ချပ်စကမ် ဘာက သမ္မတကတော့ စစ်ပွဲဖြစ်လာဖို့ ရည်ရွယ်ချင်မှ ရည်ရွယ်မယ်၊ ဒါပေမယ့် ကျွန်ုပ်တို့ကတော့ သမ္မတနဲ့ ၎င်းရဲ့အစိုးရအဖွဲ့ မမျှော်လင့်ဘဲ စစ်ပွဲနွံထဲ ထိုးကျသွားမှာကို တစ်ချိန်လုံးစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် အဖွဲ့ခေါင်းဆောင် ကယ်ဗင်မက် ကာသီကတော့ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ဖို့ တိုက်တွန်း တောင်းဆိုနေပါတယ်။

ဒီအချိန်မှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒယ်အယ်လ် ဂျူဘီယာက အီရန်ရဲ့လုပ်ရပ်ဟာ သိပ်ပြီးလက်ခံနိုင်စရာ မရှိလှဘူးဆိုတာကို ဆော်ဒီက အီရန်ကို အသိပေးဖို့ ကြိုးစားနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ စစ်ပွဲတစ်ခု စလာမှာကို ဘယ်သူမှ အလိုမရှိဘူး။ ဒါပေမယ့်လည်း အီရန်က ဒီလိုစိတ်လိုက်မာန်ပါ လုပ်နေတာတွေကိုလည်း ခွင့်မပြုနိုင်ဘူး။ အီရန်က ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်အထားဖြစ်အောင် မရမက လုပ်ဆောင်နေသလိုပဲ။ ဒီလိုလုပ်မယ်လို့ သူတို့ ပြောခဲ့တယ်။ အခုပြောတဲ့အတိုင်းလည်း လုပ်နေတယ်လို့ ဂျူဘီယာက မှတ်ချက်ချခဲ့ပါတယ်။

ရေနံဈေးတက်

ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုတွေဖြစ် ပြီးနောက် ရေနံဈေးဟာ ငါးရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့ပါတယ်။ United airlines လေကြောင်းလိုင်းကလည်း ဘေးကင်းလုံခြုံရေး ဆိုင်ရာ ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက်မှာ အီရန် လေပိုင်နက်ကို ဖြတ်ကျော်ပြီး မွမ်ဘိုင်းဆီပျံသန်းရတဲ့ လေယာဉ်ကို ရပ်နားလိုက်ပါတယ်။

အန္တရာယ်ကြီးကြောင်း အသိပေး

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ၎င်းရဲ့ လေတပ်ဖွဲ့ ဟာ ဟော်မိုဂန်ပြည်နယ်တောင်ပိုင်း ကူမိုဘာရက် အနီး လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး ဒရုန်းယာဉ် တစ်စင်းကို ပစ်ချလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ စကားပြောဆိုမှုမှာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ မက်ဂျ်ဂန်ဟိုစိန် ဆလာမီက ဒရုန်းယာဉ်ကို ပစ်ချလိုက်တာက အီရန်ရဲ့ နယ်စပ်ဟာ အန္တရာယ်ကြီးတဲ့ နယ်နိမိတ်လိုင်း ဖြစ်တယ်ဆိုတာကို အသိပေး လိုက်တာပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပုံရိပ်တွေဖော်ပြ

ပြီးတော့အီရန်က အမေရိကန်ဒရုန်းယာဉ် ဖျက်ဆီးခံလိုက်ရတဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။ အမေရိကန်တပ်မတော်က ဗဟိုစစ်ရေးညွှန်ကြားမှု အဖွဲ့ က အမေရိကန် လေတပ်ဖွဲ့ရဲ့ ရေကြောင်းဆိုင်ရာ ထောက်လှမ်းရေးယာဉ်ဟာ ဗုဒ္ဓဟူးနေ့ အီရန် စံတော်ချိန် နံနက် ၄ နာရီ ၅ မိနစ်အချိန် ဟော်မုဇ် ရေလက်ကြားရှိ နိုင်ငံတကာ လေပိုင်နက်အတွင်း မှာ ပျံသန်းနေစဉ်အတွင်း အီရန်ရဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ ပစ်ချတာကို ခံလိုက်ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

အီရန်ဘက်ကတော့ အီရန်ရဲ့ပိုင်နက်ကို ဖြတ်ကျော်လာတဲ့ ဒရုန်းယာဉ်ရဲ့ အမှားအယွင်း ဖြစ်တယ်လို့ ဆိုနေပါတယ်။ ဒါဟာ နိုင်ငံတကာ လေကြောင်းပိုင်နက်အတွင်းမှာ အမေရိကန်ရဲ့ အနီးကပ်ထောက်လှမ်းရေး ဆောင်ရွက်မှုတစ်ခုကို ဘာအကြောင်းမှမရှိဘဲ နေရင်းထိုင်ရင်း တိုက်ခိုက်လိုက်တာလို့ အမေရိကန်ရေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန်ဘီလ်အာဘန်က ပြောကြားလိုက်ပါတယ်။ ပစ်ချခံလိုက်ရတဲ့အချိန်မှာ ဒရုန်းယာဉ်ဟာ အီရန် ကမ်းခြေပေါ်ရှိ အနီးဆုံးအမှတ်ကနေ ၃၄ ကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်ထက်မှာ ပျံသန်းနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝါရှင်တန်အပေါ် သတိပေးခြင်း

အီရန်ဟာ အခုရက်သတ္တပတ် အစောပိုင်းမှာတင် အမေရိကန်ရဲ့ ဒရုန်းယာဉ်ငယ်တစ်စင်းကို ပစ်ချဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပြီးတော့ဒီကိစ္စ နှစ်ခုက အန္တရာယ်ရှိတဲ့ တင်းမာမှုတွေအတွက် အင်အားကြီးတဲ့ လှုံ့ဆော်မှုတစ်ခုဖြစ်လာနိုင်ပြီး အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲက ဒီဖြစ်ရပ်ဟာ ဝါရှင်တန်အပေါ် ရှင်းရှင်းလင်းလင်း သတိပေးလိုက်တဲ့ လုပ်ဆောင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထရမ့်အတွက် ဒရုန်းယာဉ် ပစ်ချခံရတဲ့ကိစ္စဟာ သိပ်တော့ အကောင်းမြင်ဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်လှပါဘူး။ နှစ်ဖက်စလုံးကလည်း အကြောင်းပြချက် ကိုယ်စီနဲ့မို့ ဒရုန်းယာဉ် ပစ်ချခံရတဲ့ကိစ္စဟာ ဘယ်သူ့အမှားရယ်လို့ တရားသေ ဆုံးဖြတ်ဖို့ခက်နေပါတယ်။ ။

ကိုးကား- ဘီဘီစီ၊ အေအက်ဖ်ပီ