ချောင်းဆုံ ၆ ဖေဖော်ဝါရီ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ဟံသာဝတီခေတ် မုတ္တမခေတ်၊ မုတ္တမ(၃၂)မြို့ စာရင်းဝင် ဒရယ်မြို့ဟောင်းနေရာမှ တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို ကိုယ်ပိုင်ရှေးဟောင်းပစ္စည်း ပြခန်းအဖြစ် ဒရယ်ကျေးရွာ ရပ်ကွက်(၆) အိမ်အမှတ်(၆၁)နေ ဦးသန်းထိုက်နေအိမ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ခွင့်ပြုမိန့်ဖြင့် အများပြည်သူများကြည့်ရှုနိုင်ရန်အတွက် ဇန်နဝါရီ(၁)ရက်နေ့က စတင်ပြီး ပြခန်းဖွင့်လှစ် ထိန်းသိမ်းခွင့်ရခဲ့ကြောင်း သိရသည်။

 

“အရင်ကတော့ ပြခန်းပြမယ်ဆိုပြီး ရည်ရွယ်ချက်တော့မရှိခဲ့ပါဘူး။ ဝါသနာအရ ၂၀၁၃ ခုနှစ် ကတည်းက စတင်ပြီး ရွာကတူးဖော်ရရှိတဲ့ ရှေးဟောင်းမြေအိုး၊ စဉ့်အိုး တွေကို လိုက်ရှာစုဆောင်းပြီး တဖြည်ဖြည်းနဲ့များလာတော့ သမိုင်းသုတေသနပညာရှင် ဦးစံဝင်းရဲ့ အကူအညီနဲ့  ယခုလို ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကို ပြခန်းအဖြစ် တင်ပြခွင့်ပြုချက်ယူပြီး ဖွင့်လှစ်နိုင်ခဲ့တာပါ” ဟု ရှေးဟောင်းပစ္စည်းများစုဆောင်းသူ ဝါသနာရှင် ဦးသန်းထိုက်က ပြောသည်။

 

ကိုယ်ပိုင်ပြခန်းအတွက် ခွင့်ပြုမိန့်ရဖို့ တစ်လကျော်သာကြာခဲ့ပြီး ယခုအချိန်တွင် ပြခန်းကိုဘယ်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို မြတ်နိုးသူများနှင့် နိုင်ငံခြားသားများ၊ ပြည်တွင်းပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့်၊ အခြားစိတ်ပါဝင်စားသူများလည်း ပြခန်းကို လာရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း ဆက်လက်ပြောကြားသည်။

 

“အရင်တုန်းကဆိုရင် ဒရယ်မှာက တောင်ဘက်ကုန်း၊ မြောက်ဘက်ကုန်း၊ အရှေ့ဘက်ကုန်း တွေဆိုပြီးတော့ ကုန်းတွေခုနှစ်ကုန်းလောက်ရှိတယ်၊ ကျုံးတွေ၊ စစ်ရေးပြကွင်းလို့ ယူဆရတာတွေလဲ အထင်အရှားတွေ့ရတယ်။ နောင်နှစ်(၅၀)လောက် ဆိုရင်တော့ အဲဒီနေရာက ဆက်လက် ထိန်းသိမ်းနိုင်ဖို့က မလွယ်ကူတော့ဘူးလေ”ဟု ဒရယ်ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါပြခန်းတွင် မွန်ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ မုတ္တမခေတ်အတွင်း မုတ္တမ(၃၂)မြို့ စာရင်းဝင် ဒရယ်မြို့ဟောင်းနေရာမှ တူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများဖြစ်သည့်  ကျောက်လက်နက်၊ သံလက်နက်၊ စဉ့်အိုး၊ မြေအိုး၊ အုတ်ခွက်ဘုရား၊ ဟင်္သာအလေး၊ မြေထည်ပစ္စည်းများ အုတ်ခဲ၊ အိုးခြမ်းကွဲ၊ ကြေးထည်၊ ငွေထည်၊ ဖန်ထည်၊ ယွန်းထည် ပစ္စည်းများ မြန်မာ့မူရင်းမဟုတ်သော ကြွထေည်ပစ္စည်းများ စသည့် အမျိုးပေါင်း (၈၉)မျိုးနဲ့ အရေအတွက် (၂၃၃)ခုကို ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းအဖြင့် စာရင်းသွင်း ပြသထားနိုင်ခဲ့ပြီး မွန်ပြည်နယ်တွင် ဒုတိယမြောက် အခမဲ့ ကိုယ်ပိုင်ပြခန်းဖြစ်ကြောင်း သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)