ရန်ကုန် မေ ၂၅
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)က စီစဉ်ကျင်းပသော ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ မဟာဗုဒ္ဓဝင်ဒေသနာတော် ဖြေဆိုပူဇော်ခြင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဆရာတော်သံဃာတော်များ၊ အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာ ပြုတက္ကသိုလ် ဒုတိယပေါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သုတစုံလင်ဗုဒ္ဓဝင်ယှဉ်ပြိုင်ဖြေဆိုမှုနှင့် အဆင့်ဆင့်ရွေးချယ်မှုပုံစံများကို ဗွီဒီယိုကလစ်ဖြင့်ပြသပြီး အလယ်တန်းအဆင့် ဖိုင်နယ်ပြိုင်ပွဲဝင် (၆)ဦးကို ပါဋ္ဌိရေးစွမ်းရည်စစ်ဆေးခြင်း၊ စကားပြောစွမ်းရည် စစ်ဆေးခြင်း၊ အမြန်မေးအမြန်ဖြေခြင်းနှင့် အမေး/အဖြေ ထပ်ဆင့်/အသေးစိတ်မေးခွန်းများကို ဆရာတော်များက စစ်ဆေးကြသည်။
မွန်းလွဲပိုင်းတွင် မူလတန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမရရှိသူများ စာရင်းကိုလည်းကောင်း၊ ဒီပလိုမာတန်းအဆင့် ရွှေတံဆိပ်ရှင်နှင့် ဆုရရှိသူများစာရင်းကို လည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူများစာရင်းများကို ကြေညာပြီး အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်သည်။
ထို့နောက် အလယ်တန်း ပထမဆုရှင်၏ ဆိုင်ရာ သိန်း၁၂၀ Play or Stay - ကစားမလားနားမလား အစီအစဉ်ဖြင့် တင်ဆက်ပြီး ဆုနှင်းသဘင်နှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ မူလတန်းအဆင့် (၅)ဦး၊ ဝိသာရဒ(၂၆)ဦး၊ ဒီပလိုမာတန်းအဆင့်(၁၂၉)ဦးနှင့် အလယ်တန်း အဆင့်(၅)ဦးတို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) နာယကဆရာတော်နှင့် ဗဟိုအလုပ်အမှု ဆောင်ဆရာတော်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်