၂၇ ဇွန်
အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေအပေါ် အငြင်းပွားဖွယ်ဖမ်းဆီးထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး ပေးမယ်လို့ မက္ကဆီကိုနိုင်ငံသမ္မတက ဇွန် ၂၅ ရက်က ကတိပေးခဲ့ပါတယ်။ သူ့အနေနဲ့ အမေရိကန်နယ်စပ်မှာ တပ်ဖြန့်ချထားတဲ့ တပ်ဖွဲ့ဝင် ၁၅၀ဝဝကို အဲဒီလိုဖမ်းဆီး ထိန်းသိမ်းခွင့် အမိန့်မပေးခဲ့ကြောင်း ပြောပါတယ်။
အကျပ်ရိုက်
အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင်များက အမျိုးသမီးနှစ်ဦးနဲ့ မိန်းကလေးငယ်တစ်ဦးတို့ကို အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အေအက်ဖ်ပီသတင်းထောက် တစ်ဦးရဲ့ ဖော်ပြမှုကြောင့် ရွှေ့ပြောင်း အခြေချသူ အရေးကာကွယ်ပေးမည်ဟု ကတိပေးမှုနှင့်အတူ ဒီဇင်ဘာလက မက္ကဆီကိုနိုင်ငံရဲ့ သမ္မတ ဖြစ်လာတဲ့ လက်ဝဲဝါဒီသမား အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါတစ်ယောက် အကျပ်ရိုက် လျက်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေက နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ရွှေ့ပြောင်း ဒုက္ခသည်အရေး နဲ့ပတ်သက်ပြီး ကာကွယ်ပေးပါတယ်။ မက္ကဆီကို နိုင်ငံဟာ မြောက်ပိုင်းနယ်စပ်ကတစ်ဆင့် အဲဒီလို ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေကို ထုံးစံအရတော့ ပိတ်ပင်တားဆီးလေ့ မရှိပါဘူး။
ထပ်ဖြစ်လာစရာမရှိ
သို့သော်လည်း မက္ကဆီကိုနိုင်ငံရဲ့ သမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါဟာ အမေရိကအလယ်ပိုင်း ဒုက္ခသည်စီးဝင်မှုကို လျော့နည်းသွားအောင် လုပ်ဆောင်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုကိုတော့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့လည်း သူ့အစိုးရအဖွဲ့ဟာ အမေရိကန် သမ္မတဒေါ်နယ် ထရမ့်ရဲ့လွန်ခဲ့တဲ့လက မက္ကဆီကိုကုန်ပစ္စည်းတွေ အပေါ် အခွန်တိုးကောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရှောင်ရှားချင်တဲ့အနေနဲ့ အခုလို ဒုက္ခသည် အရေးကို သူ့ရဲ့ထုံးစံကို ကျော်လွန်ပြီး လုပ်ဆောင် နေတာလည်း ဖြစ်နိုင်ပါတယ်။
ယခုအရေးနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ အများပြည်သူရဲ့ တုံ့ပြန်မှုတွေကို ရင်ဆိုင်နေရတဲ့ မက္ကဆီကိုနိုင်ငံရဲ့ သမ္မတက အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ တပ်မတော်ဟာ ဒုက္ခသည်တွေကို တားဆီးဖို့ အမိန့်အတိုင်းဆောင်ရွက်ခဲ့တယ်ဆို တာကို ငြင်းဆန်မှာပဲဖြစ်ပါတယ်။
အဲ့ဒီလိုအမိန့်မျိုး မထုတ်ပြန်ခဲ့ကြောင်းနဲ့ အခုဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပြန်လည်စိစစ်နေကြောင်း၊ နောက်တစ်ကြိမ် အခုလို ထပ်ဖြစ်လာ နိုင်စရာမရှိကြောင်း မက္ကဆီကို သမ္မတက သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်
အမြန်ပြီးချင်ပြီ
ဆိုလိုသည်ကတစ်မျိုး သက်ရောက်သည်ကတစ်မျိုးဖြစ်သွားကြောင်း လိုပက်ဇ် အိုဘရာဒေါရဲ့ ကာကွယ်ရေးဝန်ကြီးက သမ္မတနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်စဉ် ထည့်သွင်းရှင်းလင်း သွားပါတယ်။
မက္ကဆီကိုမြောက်ပိုင်းနယ်စပ်ကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ ဒုက္ခသည်တွေကို မက္ကဆီကို တပ်ဖွဲ့ဝင် တွေကတားဆီးခဲ့သလားဆိုရင် ဟုတ်တယ်လို့ပဲ ဖြေရမှာပဲလို့ ကာကွယ်ရေးဝန်ကြီး လုစ်ခရက် ဆန်စီယို ဆန်တိုဗယ်ကပြောပါတယ်။ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အေအက်ဖ်ပီက အင်တာဗျူးခဲ့တုန်းကလည်း သူတို့အထက်အရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဒုက္ခသည်တွေကိုတားဆီးဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေကို ထိန်းသိမ်းထားတဲ့ပုံတွေကို အထက်အရာရှိတွေ တွေ့သွားတဲ့အခါမှာတော့ သူတို့က ဒုက္ခသည်တွေကို မထိဖို့ ပြောပါတယ်။ ပြီးတော့လည်း ဒုက္ခသည်တွေကို ထိန်းသိမ်းဖို့နဲ့ ရလဒ်တွေကို ထုတ်ပြန်ဖို့သူတို့က ကျွန်တော်တို့ကို အမိန့်ပေးပါတယ်လို့ တချို့ အမျိုးသားအစောင့် တပ်ဖွဲ့ဝင်တွေကလည်း ပြောပါတယ်။ ထိန်းသိမ်းခံ ဒုက္ခသည်တွေကလည်း ငိုယိုအော်ဟစ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ တခြားအမျိုးသား အစောင့်တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဒါပေမယ့် ကျွန်တော် မလုပ်ပေးနိုင်ဘူးလေ။ တကယ်လို့ ကျွန်တော်လုပ်ပေးလိုက်ရင် သူတို့က ကျွန်တော့်ကို အပြစ်ပေးမှာလေဟု သူကဆက်ပြော ပါတယ်။ ဒီနေရာမှာ တာဝန်ထမ်းဆောင်နေတာ အမြန်ပြီးချင်နေပါပြီ။ မိသားစုတွေကိုလည်း တွေ့ချင်နေပြီလို့ သူကပြောတယ်။
တိုးမြှင့်ချင်
မက္ကဆီကိုဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အခွန်စည်းကြပ်ကောက်ခံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ရှောင်ရှားတဲ့သဘော အပြန်အလှန်အနေနဲ့ သူ့ရဲ့ တောင်ဘက်နယ်စပ်မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၀ဝဝ ကို တပ်ဖြန့်ချထားပါတယ်။ တစ်ချိန်တည်းမှာပဲ မက္ကဆီကိုဟာ ဒုက္ခသည်အရေး ကာကွယ်ပေးချင် တဲ့ သူ့ရဲ့မူဝါဒကိုလည်း တိုးမြှင့်လုပ်ဆောင်ချင်နေပုံရပါတယ်။
ဇွန် ၇ ရက်က ပြီးဆုံးခဲ့တဲ့ အမေရိကန်နဲ့ မက္ကဆီကို သဘောတူညီချက်တစ်ခုမှာ မက္ကဆီကို ဟာ ဒုက္ခသည်အရေး ဘယ်လောက်လိုက်နာ ဆောင်ရွက်နိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး အချိန် ၄၅ ရက်ပေးခဲ့ပါတယ်။
ဖန်တီးပေးနေသလား
မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ကိုယ့်ဟာကိုယ် ဖန်တီးဖွဲ့စည်းခဲ့ရပါတယ်။ ရည်ရွယ်ချက်ကတော့ မူးယစ်ရာဇာတွေကို တိုက်ခိုက်ဖို့နဲ့ အကြမ်းဖက်မှုတွေ လျှော့ချဖို့အတွက်ဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတွင်းမှာ လည်း အခုတော့ အငြင်းပွားမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
ပြောသလိုဖြစ်မလာတဲ့ ဒုက္ခသည်မူဝါဒနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာသလဲဆိုရင် အဲဒီ ဒုက္ခသည်တွေအတွက် အစီအစဉ်မရှိခြင်း၊ ကြုံရာကျပန်းဖြစ်နေခြင်း၊ မဟာဗျူဟာကင်းမဲ့ခြင်းတို့ ဖြစ်နေတယ်လို့ လေ့လာရေးသုတေသီတစ်ဦးဖြစ်သူ ဂျာဗီ ရာအာဘန်နိုက ပြောပါတယ်။ ပြီးတော့လည်း အမျိုးသားအစောင့်တပ်ဖွဲ့တွေအနေနဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ လေ့ကျင့်ပေးဖို့လိုတယ်လို့လည်း သူကထောက်ပြထားပါတယ်။
ဒုက္ခသည်အရေးကိုကိုင်တွယ်ဖို့ တပ်ဖွဲ့ဝင် သစ်တွေကို အသုံးပြုမှုဟာ ဒုက္ခသည်တွေအတွက် အ္တရာယ်ပိုဖြစ်စေခြင်း၊ ဒုက္ခသည်စီးဝင်ရာ လမ်းကြောင်းတွေ ပိုများလာခြင်း၊ လူမှောင်ခို သမားတွေအတွက် အလုပ်အကိုင်ဖန်တီးပေး သလိုဖြစ်ပြီး စားပေါက်ချောင်အောင် လုပ်ပေး သလိုဖြစ်နေခြင်းစသည်တို့ကို ဖန်တီးပေးသလို ဖြစ်နေကြောင်း သူက အေအက်ဖ်ပီကို ပြောပါတယ်။
လွတ်လပ်မှု
ပြောခဲ့တဲ့အချက်တွေ မှန်ကန်ကြောင်းကို မက္ကဆီကိုမီဒီယာကလည်း ဖော်ပြခဲ့ပါတယ်။ ဘယ်လိုဖော်ပြခဲ့လဲဆိုရင် မက္ကဆီကိုမှ ရီယိုဂရန် ဒီမြစ်ကို ဖြတ်ကူးပြီး အမေရိကန်နိုင်ငံသို့ ဝင်ရောက် ရန်ကြိုးစားသည့် အယ်လ်ဆယ်လ်ဗေးဒိုနိုင်ငံ ကလာတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ နှစ်နှစ်အရွယ် သမီးငယ်လေးသေဆုံးနေတဲ့ပုံကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခသည်အရေး အကိုင်အတွယ် မှားယွင်းခြင်းကြောင့်လို့ သူတို့ကတော့ ခေါင်းစဉ် တပ်ပါတယ်။
အလားတူပဲ ဂွါတီမာလာက ဒုက္ခသည် လေးဦးဟာ သဲက္တာရဘက်မှ နယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးစားရင်း အပူရှိန်လွန်ကဲကာ ခြေကုန်လက်ပန်းကျခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း စသည်တို့ ကြောင့် သေဆုံးခဲ့ပါတယ်။ ချီယာပါးစ်ပြည်နယ် တောင်ပိုင်း ၂၁ ရာစုဟု အမည်ပေးထားတဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်တွေဟာလည်း လွတ်လပ်မှု၊ လွတ်လပ်မှု ဆိုတဲ့ကြွေးကြော်သံတွေ သောသောညံညံ ဘဝဂ်လျှံအောင် ကြွေးကြော်လျက်ရှိပါတယ်။
မက္ကဆီကိုအနေနဲ့ ဒုက္ခသည်အရေးကို ဘယ်လို ကိုင်တွယ်သွားမလဲ။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကို စိုးရိမ်ပြီး သူ့ရဲ့ ဒုက္ခသည်တွေကို ကာကွယ်မယ်ဆိုတဲ့စကားတွေကိုပဲ ပြည်ဖုံးကားချလိုက်တော့မလား ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှ ပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ
ထွန်းသစ်စ