ဒုက္ခသည်များဆိုင်ရာ ဂလိုဘယ် တရားဝင်သဘောတူညီချက် ကုလ ချမှတ်

ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များအား ထောက်ပံ့ရန်ရည်ရွယ်သော ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂက တနင်္လာနေ့တွင် ချမှတ်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ်အကုန်မှစ၍ ပဋိပက္ခ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများကြောင့် ကမ္ဘာတစ်ဝန်းမှ မိခင်နိုင်ငံကို စွန့်ခွာ၍ ထွက်ပြေးသူပေါင်း ၂၅ ဒသမ ၄ သန်း ခန့်ရှိကြောင်း ကုလသမဂ္ဂကပြုစုသော စာရင်းအင်းများအရ သိရသည်။ ဒုက္ခသည်များကို ပံ့ပိုးကူညီပေးရေးမှာ အဓိကကျသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့သည်။

 

ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့နိုင်ငံများ၏ တရားဝင်သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် အဖွဲ့ဝင် နိုင်ငံများနှင့် ကုလသမဂ္ဂဦးဆောင်သော ဆွေးနွေးမှုများအပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါသဘောတူညီချက်က ဒုက္ခသည်များ လက်ခံထားရသည့်တိုင်းပြည်များကို ငွေကြေးပိုင်းအရပံ့ပိုးရန်နှင့် ဒုက္ခသည်များအတွက် လူသားရင်းမြစ်ဖွံ့ဖြိုးရေးအစီအစဉ် ကူညီဖော်ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။

အိမ်ရှင် သို့မဟုတ် တတိယနိုင်ငံများတွင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ရန် ၃ နှစ်ကြာ မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်မည်ဟု ယင်းသဘောတူညီချက်တွင် ဖော်ပြသည်။

ငွေကြေးထောက်ပံ့သောနိုင်ငံများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆက်တွဲ အစည်းအဝေးပွဲများကို ၄ နှစ် တစ်ကြိမ် ကျင်းပမည်ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံတကာအသိုင်းအဝိုင်း ကြုံတွေ့နေရသည့် အဓိကကျသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ တရားဝင်သဘောတူညီချက်တစ်ရပ်ကို ကုလသမဂ္ဂက ချမှတ်ခဲ့သည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်