သထုံ ၇ သြဂုတ်
မွန်ပြည်နယ် သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေမြင့်တက်လာသောကြောင့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနဖူးတွင် နေထိုင်ကြသည့် လူနေအိမ်ခြံဝင်းများအတွင်းသို့ ရေများဝင်ရောက်လာရာ ကျေးရွာအတွင်းဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းနှစ်ခုသို့ အိမ်ထောင်စု အချို့တို့က သြဂုတ်လ ၇ ရက်က ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ချောင်းရေမြင့်လာသဖြင့် ဒူးရင်ဆိပ်ကျေးရွာ၊ အမှတ် (၂)၊ အမှတ် (၅)နှင့် အမှတ် (၆) ရပ်ကွက်တို့မှ အနိမ့်ပိုင်းနေသူများက ကျေးရွာ၌ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းနှစ်ခုသို့ ရွှေ့ပြောင်းလျက်ရှိရာ လက်ရှိအချိန်အထိ ကျေးရွာဓမ္မာရုံ၌ အိမ်ထောင်စု ၂၁ စု လူဦးရေပေါင်း ၁၂၆ ဦး၊ တပ်ဦးဘုန်းကြီးကျောင်း၌ အိမ်ထောင်စု ၁၈ စုမှ လူဦးရေပေါင်း ၇၉ ဦး စုစုပေါင်း အိမ်ထောင်စု ၃၉ စုတို့မှ လူဦးရေပေါင်း ၂၀၅ ဦးတို့ ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြသူများအား သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်တို့ကို ထောက်ပံ့ကူညီပေးနေကြကြောင်း သိရသည်။
ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းရေမှာ သြဂုတ်လ ၇ ရက်နေ့တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အောက် ၄ ပေနီးပါးခန့် ကျန်ရှိနေသေးသော်လည်း ချောင်းကမ်းနဖူး အနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရေလုပ်သားများ၏ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိရာ ဘေးလွတ်ရာ နေရာများသို့ ကြိုတင်ရွှေ့ပြောင်းကြခြင်းဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


