ရန်ကုန် ၂၆ ဒီဇင်ဘာ
ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ပိတ်ပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ်ဘုရားကျောင်းဝင်း အတွင်း၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်ဇနီး၊ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စိန့်မေရီ ကာသီဒြယ်ကျောင်းထိုင်ဆရာတော် ဖာသာ အက်ကနက်စ်မြင့်စိုး က အဖွင့်ဆုတောင်း ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မွေးနေ့တော် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ မန်းပါမာစတန် က အထူးဆုတောင်းကောင်းချီးပေးသည်။
ဆက်လက်၍ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ခရစ္စမတ် သတင်းကောင်းမျှဝေသည်။
ထို့နောက် ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးပက်ထရစ်လူနီ က ကျေးဇူးတင်စကား ပြောကြားပြီး ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာ လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန် က ကောင်းချီးပေးသည်။
ယင်းနောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ အောင်မြင်စွာ ပိတ်သိမ်းကြောင်း ကြေငြာသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီးတို့သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့်ဇနီး၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ဘုရားကျောင်းဝင်းအတွင်း၌ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ၂၀၁၉ ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ညအထိ ရန်ကုန်မြို့ မြို့တော်ခန်းမအနီး (မဟာဗန္ဓုလပန်းခြံရှေ့)နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်တို့တွင် ဖျော်ဖြေရေး အစီအစဉ်များ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
(သတင်းစဉ်)


