နေပြည်တော် ၂၀  ဖေဖော်ဝါရီ 


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

mdn


အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးစိုးသိန်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်တွင် ပြေးလမ်းတိုးချဲ့လျက်ရှိသော လေယာဉ်ကွင်းအား မည်သည့် ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်မည့် စီမံကိန်းအဆိုပြုချက်ကို စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်ပါ စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များအရ စိစစ်မှုခံယူ၍ ပြည့်မီပါက နိုင်ငံတော်က ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်နိုင်ခြေ လေ့လာ ဆန်းစစ်မှု ဆောင်ရွက်ခြင်း၊ လက်ရှိလေဆိပ် အဆောက်အအုံကို အတိုင်ပင်ခံ ကုမ္ပဏီ ငှားရမ်း၍ တန်ဖိုးဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့နောက် Request for Proposal (RFP) ရေးဆွဲ၍ တင်ဒါအဆိုပြုချက်များ ခေါ်ယူခြင်း၊ တင်ဒါ စိစစ်ရွေးချယ်ခြင်း စသည့် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် စာချုပ်ညှိနှိုင်း ချုပ်ဆို၍ လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့် ၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျရေများ ဖြတ်သန်းစီးဆင်းသွားသော ချောင်းများတစ်လျှောက် ရေတိုက်စားမှုဖြစ်ကာ ချောင်းကမ်းပါးပြိုကျမှုများအား မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက အုတ်ဖို မြို့နယ်အတွင်း စီးဆင်းနေသော ချောင်းများတွင် ရေတိုက်စား ကမ်းပြိုမှုများနှင့် ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ (၃)၊ ပဲခူးတိုင်းဒေသကြီးရုံးက ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ရာ မြောင်ချောင်း အထက်ပိုင်းရှိ ချောင်းနွားရွာမှ ချောင်းအောက်ပိုင်းရှိ ချောင်းခွကျေးရွာအထိ ချောင်းကွေ့ပေါင်း (၂၀) ခန့်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းချောင်းကွေ့ (၂၀) အနက်မှ နေရာ (၆)နေရာတွင် ချောင်းကွေ့ဖြောင့်ခြင်း လုပ်ငန်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သင့်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း။


ထို့ပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွင်းဆင်း တိုင်းတာစစ်ဆေးချက်များအရ ဂမုန်းချောင်းအထက်ပိုင်း ဆင်ဂေါင်းကညာတန်းရွာအနီးမှ ဂမုန်းချောင်းအောက်ပိုင်း အုတ်ဖိုမြို့သစ်အနီးထိ ချောင်းကွေ့ပေါင်း (၇) ခုရှိသည်ကို တွေ့ရှိရပြီး ၎င်းတို့အနက်မှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သင့်သောနေရာ (၂) နေရာ စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း။


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ပါဝင်ခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဆောင်ရွက်သင့်သည့် အသေးစိတ် လုပ်ငန်း အစီအမံများနှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်း ရေးဆွဲနိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမင်းဟန်၏ မော်လမြိုင်-ရန်ကုန် မီးရထားသံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံး ပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထားလမ်းတစ်လျှောက် ကြံ့ခိုင်မှု မရှိတော့သည့် တံတားများကို ပြန်လည်ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထားစက်ခေါင်းများ နေရာတွင် ခေတ်မီစက် ခေါင်းသစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်း အတွင်းရှိ ရထားသံလမ်းများနှင့် တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲဆိုင်းများတွင် စက်ခေါင်းနှင့် တွဲသစ်များ အစားထိုး ဖြည့်တင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ခေတ်မီသော ဆက်သွယ်ရေးနှင့် အချက်ပြ စနစ်သစ်များ ပြောင်းလဲအသုံးပြုခြင်း စသည့်စီမံကိန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ရထားအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးလာသည်နှင့်အမျှ ခရီးသည်များ လက်မှတ်ဝယ်ယူမှု အဆင်ပြေစေမည့် ကိစ္စအပါအဝင် ရထားဖြင့် ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှု အဆင့်အတန်း တိုးတက်လာမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) မှ ဦးဝင်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်မေသန်းနွဲ့၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ် တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။


ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။


ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် မြေယာအုပ်ချုပ်ရေး ကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များ ရရှိရေး မြေယာမှတ်ပုံတင် လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင် ထားနိုင်ရေး ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်း တို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ အတွင်းတွင် ရှိသည့် မြေယာများကို စနစ်တကျ မှန်မှန်ကန်ကန် အုပ်ချုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ မှန်ကန်သည့် မြေယာအသုံးချမှု မူဝါဒချမှတ်ခြင်းနှင့် မြေယာကို စနစ်တကျခွဲဝေ ပေးခြင်းတို့ကို မှန်ကန်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မှုအပေါ် မူတည်ပါကြောင်း၊ မြေယာကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုသည် တိကျမှန်ကန်သော တစ်မျိုးတည်းသော မြေပုံစနစ်နှင့် မြေယာများကို တိကျသည့် မှတ်တမ်းတင်ထားနိုင်ရန်လည်း လိုအပ်ပါကြောင်း။


မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် တစ်မျိုးတည်းသော မြေပုံစနစ်နှင့် မြေယာ မှတ်ပုံတင်သည့်လုပ်ငန်းကို အောင်အောင်မြင်မြင် စီမံကိန်းချ ဆောင်ရွက်ရန် လိုအပ် ပြီး ထို့သို့ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းပမာဏကြီးမားခြင်းကြောင့် အချိန်ယူရမည် ဖြစ်သကဲ့သို့ ဘဏ္ဍာငွေများစွာ ကျခံရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ အကူအညီကိုရယူပြီး ခေတ်မီနည်းပညာများနှင့် ကိရိယာများကိုလည်း မဖြစ်မနေသုံးစွဲရမည် ဖြစ်ပါကြောင်း၊ မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းသည် လူအင်အား၊ ငွေအင်အား၊ အချိန်နှင့် ခေတ်မီပညာနှင့် ကိရိယာများလို အပ်ခြင်းကြောင့် နှစ်ရှည်စီမံကိန်းချ ပြီးစီးအောင်မြင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်း ကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနေအထားကိုကြည့်၍ တင်ပြခဲ့သည့် အချက်အလက်များကို သုံးသပ်ပြီး အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပေးပါရန် ပန်ကြားအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း က အဆိုသည် အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ အကျဆုံး လုပ်ငန်းတွင် ပါဝင်ပြီး နိုင်ငံတော်အတွက် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းလည်းဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို လက်ခံဆွေးနွေး ရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန်လွှတ်တော်ကသဘောတူကြောင်းနှင့်ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်၊ လူမော်