နေပြည်တော်   ၂၂  ဖေဖော်ဝါရီ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးမေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

mdn

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တောင်ကလေးကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ် ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ် လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တောင်ကလေး ကျေးလက်ကျန်းမာရေးဌာနတွင် တိုက်နယ် ဆေးရုံဖွင့်လှစ်ရန် မြေယာပိုင်ဆိုင်မှုအနေဖြင့် လုံလောက်မှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံဖွင့်မည်ဆိုပါက အနည်းဆုံး မြေ(၄) ဧက ခန့်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေနေရာအတွက် လွှတ်တော်ကိုယ်စား လှယ်အနေဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက ဦးစားပေးအနေဖြင့်စဉ်းစားပေး မည်ဖြစ်ပါကြောင်း၊ ဦးစားပေးတွင် ပါဝင်သွားပါက လာမည့်နှစ် ဘတ်ဂျက်တွင် ထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ် အဆင့်မြင့်အားက စားကွင်းအတွက် ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေဖြင့် မည်ကဲ့သို့ ထပ်မံပံ့ပိုးဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ ပေ(၂၀ဝx၁၀ဝ) အား ၂၀၁၈- ၂၀၁၉ဘတ်ဂျက် ရှမ်းပြည်နယ်ရန်ပုံငွေစာရင်းတွင်ငွေကျပ် ၃၁၃ ဒသမ ၆ သန်းဖြင့် ခွင့်ပြုချက်ရရှိပြီး ဒီဇင်ဘာ ၈ ရက်မှစ၍ လုပ်ငန်း များဆောင်ရွက် လျက်ရှိပါကြောင်း၊ထို့ပြင် လောက်ကိုင်မြို့နယ်တွင် မြို့နယ်အားကစား ကွင်းဖော်ထုတ် ရန်အတွက် ၂၀၁၈-၂၀၁၉ ပြည်ထောင်စု ဘတ်ဂျက်တွင် ငွေကျပ်သန်း (၆၀ဝ) ချထားပေးပါကြောင်း၊ မေးခွန်းတွင် ပါဝင်သည့် အဆင့်မြင့်အားကစားကွင်း မလုပ် ဆောင်မီ မြေသားလုပ်ငန်း လုပ်ဆောင်ရန် အတွက် ငွေကျပ်သန်း ၆၀ဝ ချထားပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အဆင့်မြင့်အားကစား ကွင်းအား ၂၀၁၈- ၂၀၁၉ ဘဏ္ဍာငွေ တောင်းခံသည့်အခါ ဖြည့်စွက်ရန်ပုံငွေတွင် တောင်းခံ၍ မရပါကြောင်း၊ ဖြည့်စွက်ရန်ပုံ ငွေတွင် မပြီးပြတ်သေးသည့် ကိစ္စရပ်များသာ တောင်းခံ၍ ရပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည်၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တွင် လိုအပ်လျက်ရှိ သောတိုင်းရင်းဆေးကုဌာနဖွဲ့စည်းပုံနှင့် အဆောက်အအုံ ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းဆေးကုဌာန တစ်ခုသည် ပေ(၄၀x၃၀) အာစီတစ်ထပ်နှင့် ဝန်ထမ်းအိမ်ရာပါ ဆောက်လုပ်မည် ဖြစ်သည့်အတွက် ပေ ၁၀ဝ ပတ်လည် အနည်းဆုံးလိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ပေ၁၀ဝ ပတ်လည်ကို ရရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနပိုင် မြေဖြစ်မည် ဆိုပါက  နောက်နှစ်ဘတ်ဂျက်များတွင် ထည့်သွင်း၍ ရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ပေ ၁၀ဝ ပတ်လည် မြေရရှိရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့တွင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သို့မဟုတ် တိုင်းရင်းဆေးကုဌာန တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ / မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိုးညိုမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနဖွင့်လှစ်နိုင်ရန် မိမိတို့ ပိုင်သည့် မြေမရှိသေးပါကြောင်း၊ ထို့ကြောင့် မြေနေရာရရှိရန် သာယာဝတီခရိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြေနေရာ ရရှိပါက ဖွင့်လှစ်ရန် စဉ်းစားမည် ဖြစ်ပြီး ဘတ်ဂျက်တွင် ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦးက ပုဒ်မ ၃ (ခ)တွင် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် ဆိုသည်မှာ နယ်နိမိတ်ကြပ်မတ်ရေး အရာရှိက မြေတိုင်းတာရာ သို့မဟုတ် နယ်နိမိတ် သတ်မှတ်ရာ နေရာများကို သော်လည်းကောင်း၊ မြေတိုင်းတာရာ သို့မဟုတ် နယ်နိမိတ်သတ်မှတ်ရာ အမှတ်အသားများ ကိုသော်လည်းကောင်း ဟူ၍ ဖြည့်စွက်ရန် အကြံပြုလိုပါကြောင်း၊ ပုဒ်မ ၃ (ဂ) စာချုပ် စာတမ်းဆိုသည့် အဓိပ္ပာယ်တွင် စာတမ်းဆိုသည်မှာ မျိုးစုံရှိနိုင်သော်လည်း စာချုပ်ဆို သည်မှာ နှစ်ဖက် သို့မဟုတ် နှစ်ဖက်ထက်ပိုသည့် သူများ သဘောတူချုပ်ဆိုထားသည့် အရာကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာချုပ်စာတမ်းဆိုသည်မှာ အကြောင်း အရာတစ်ခုကို မှတ်သားအသုံးပြုရန် ကြံရွယ်၍ စာဖြင့်သော်လည်းကောင်း၊ ဂဏန်း ဖြစ်သော်လည်းကောင်း၊ အမှတ်အသားဖြင့်သော်လည်းကောင်း၊ တနည်းထက် ပိုသည့် နည်းလမ်းဖြင့်သော်လည်းကောင်း၊ အရာဝတ္ထု တစ်ခုပေါ်တွင် ရေးသားထားသည့် သို့မဟုတ် ဖော်ပြထားသည့် စာတမ်းအမှတ်အသားတစ်ခု ဖြစ်သည်ဟု ဆိုမည့်အစား အရာဝတ္ထု တစ်ခုပေါ်တွင် ရေးသားထားသည့် သို့မဟုတ် ဖော်ပြထားသည့် နှစ်ဖက် သို့မဟုတ် နှစ်ဖက်ထက်ပိုသော သက်ဆိုင်သူများရှေ့မှောက်တွင် ပြုလုပ်သည့် စာတမ်း အမှတ်အသားကို ဆိုသည်ဟူ၍ ဖြည့်စွက်ရန် လိုအပ်သည်ကို အကြံပြု လိုပါကြောင်း။

စာချုပ်နှင့် ပတ်သက်၍ ကတိစာချုပ် ဆိုသည့်နေရာတွင် ကတိပဋိညာဉ်စာချုပ် ဟူ၍ ဖြည့်စွက်လိုပါကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော်က ဖြည့်စွက်ထားပြီး ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားသည့် ပုဒ်မ ၂၃ကို ဖြည့်စွက်ရန် လိုအပ်သည်မှာ နယ်နိမိတ်သတ်မှတ်သည့် နေရာတွင် ပိုင်ရှင်အချင်းချင်း အငြင်းပွားပါက မည်သို့ ဆောင်ရွက်ရမည်ကို ပုဒ်မ ၈ တွင် ပါဝင်ပါကြောင်း၊ မြို့နယ်အချင်းချင်း အငြင်းပွားခြင်းနှင့် ရပ်ကွက်အချင်းချင်း အငြင်းပွားခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တို့က ကြီးကြပ်ဖြေရှင်း၍ ရသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အချင်းချင်း အငြင်းပွားပါက မည်သို့ ဖြေရှင်းရမည်ဆိုသည့်အချက်မပါဝင်သည့် အတွက် အဆိုပါအချက်ကို ဖြည့်စွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းပြင်ဆင်ချက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၄)မှ ဦးထိန်ဝင်းက ဆက်လက်ဆွေးနွေးသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ လူမော်