နေပြည်တော် ၂၅ ဖေဖော်ဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင် ၏ မြန်မာနိုင်ငံ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်ဖြစ်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသော စက်တင်ဘာလ (၉)ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး က လက်ရှိအခြေအနေအရ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်မှုမရှိစေရေးနှင့် တိုင်းရင်းသားများအကြား အထင်အမြင် လွဲမှားပြီး ခွဲခြားဆက်ဆံခံရသည့် သဘောမျိုး မဖြစ်စေရန်အတွက်လည်းကောင်း၊ တိုင်းရင်းသား တစ်မျိုးတည်းကို ဦးစားပေး၍ အခွင့်အရေးပေးသည့် သဘောမျိုး မဖြစ်စေရန်အတွက်လည်းကောင်း၊ အစိုးရ၏ ယန္တရားလည်ပတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သော စက်တင်ဘာ(၉)ရက်ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် အစိုးရရုံးပိတ်ရက် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သင့်လျော်မှုမရှိသေးပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ ကျိုက်မွန်းပလော့တောင်ခြေတွင်ရှိသော ဥယျာဉ်သီးနှံခြံများနှင့် ယင်းလမ်း ရှိ လယ်ကွင်းများမှ ထွက်ရှိသော လယ်ယာ၊ ဥယျာဉ်ထွက်ကုန်သီးနှံများကို သယ်ယူပို့ ဆောင်ပေးနိုင်မည့် ကုန်ထုတ်ကျောက်ချောလမ်းနှင့် တံတားများအား တည်ဆောက်ပေး နိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသည့်လမ်းသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ (၆)မိုင်ခန့် အကွာ တွင်ရှိသော ကျိုက်မွန်းပလော့ဘုရားနှင့် ဆက်သွယ်ထားသည့် ကုန်ထုတ်လမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်းအခြေအနေမှာ လမ်းအရှည်(၆) မိုင်ရှိသည့်အနက် (၁)မိုင်(၄)ဖာလုံသည် လမ်းအကျယ် ၁၀ ပေခန့်သာရှိပြီး ကျန် (၄)မိုင် (၄)ဖာလုံမှာ လမ်းအကျယ် ပေ ၃၀ ခန့်ရှိပါကြောင်း၊ အဆိုပါလမ်းသည် ကျေးလက်ကုန်ထုတ်လမ်း ဖြစ်သည့်အတွက် တံတားနှစ်စင်းကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါတံတား နှစ်စင်းကို ပေ (၁၀ဝx၂၀) ကွန်ကရစ် တံတားများအဖြစ် တည်ဆောက် ပေးရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင် ၏ ကရင်ပြည်နယ်၊ မြဝတီနယ်စပ် ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ်-ဘားအံလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက် ပေးရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြဝတီနယ်စပ် ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ်-ဘားအံ လမ်းပိုင်း သည် ဗီယက်နမ်နိုင်ငံ၊ ဒါနမ်းမြို့မှ စတင်၍ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်၍ မြန်မာနိုင်ငံအတွင်း မြဝတီမြို့၊ ဘားအံမြို့၊ ကျိုက်ထိုမြို့တို့ကိုဖြတ်၍ ရန်ကုန်မြို့ သီလဝါ စက်မှုဇုန်တွင် အဆုံးသတ်မည့် East – West Economic Corridor ပေါ်မှ လမ်းပိုင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပိုင်းတွင် မြဝတီမှ ကော့ကရိတ်လမ်းပိုင်းကို ထိုင်းနိုင်ငံအစိုးရ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါအပိုင်း၏ အဓိက Missing Link ဖြစ်နေသည့် အိန္ဒုနှင့် ကော့ကရိတ်ကြား (၆၆ ဒသမ ၄၅) ကီလိုမီတာ အပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက East – West Economic Corridor ၏ မြန်မာနိုင်ငံ အပိုင်းသည် Asian Highway Class 2 အဆင့်ကို ရောက်ရှိမည်ဖြစ်ပြီး Cross Border Transport Agreement စာချုပ် အသက်ဝင်လာချိန်တွင် အဆိုပါ (၄)နိုင်ငံအကြား တိုက်ရိုက် ကုန်သွယ်မှုလုပ်ငန်းများ စတင်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Missing Link လမ်းပိုင်းကို ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
အဆိုပါ လုပ်ငန်းအတွက် International Tender ခေါ်ယူခဲ့ရာ International ကုမ္ပဏီကြီး များဖြစ်သည့် PEC နှင့် KEC တို့က Consultant အနေဖြင့် တင်ဒါအောင်မြင်၍ CRBC (China Road & Bridge Corporation) မှ လုပ်ငန်း၏ Contractor အဖြစ် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် ကန်ထရိုက်တာကုမ္ပဏီမှ အဆိုပါ ဒေသအတွင်း ငြိမ်းချမ်းရေးရယူထားသော အဖွဲ့အစည်းတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းခွင်နှင့် အနီးဆုံးဖြစ်သော လွန်းညတောင်မှ ကျောက်များကိုထုတ်ယူ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
လွန်းညတောင်၌ လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်တွင် ဒေသခံ ရွာသူ/ရွာသားများ၏ ကန့်ကွက် ဆန္ဒပြမှုများနှင့် တွေ့ကြုံရပြီး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပါကြောင်း၊ လုပ်ငန်းများရပ်ဆိုင်း သွားခြင်းကြောင့် ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခြေအနေကို တင်ပြခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်း၍ ကရင်ပြည်နယ် အတွင်း အရည်အသွေးမြင့် ကျောက်များကို ဆက်လက်ရှာဖွေခဲ့ရာ လက်ရှိလုပ်ငန်းခွင်မှ ၃၅ ကီလိုမီတာဝေးသည့် စံဖရီးကျောက်မိုင်းမှ ကျောက်များသည် အရည်အသွေးမီကြောင်း တွေ့ရှိရသဖြင့် အဆိုပါ ကျောက်နမူနာများကို ပြည်တွင်းတွင် ဓာတ်ခွဲစမ်းသပ်၍ လည်းကောင်း၊ ပြည်ပသို့ပို့ပြီး ဓာတ်ခွဲစမ်းသပ်၍ လည်းကောင်း ဓာတ်ခွဲစမ်းသပ်စေခဲ့ပြီး ယခုအခါ စံချိန်မီသည့် အဖြေကို ရရှိထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါကျောက်မိုင်းမှ ကျောက်ထုတ်လုပ်ခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျုင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ECC (Environmental Compliance Certificate) လက်မှတ်လျှောက် ထားခဲ့ရာ တစ်ပတ်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် လုပ်ငန်းများကို တစ်ပတ်အတွင်း အရှိန်အဟုန်ဖြင့် ပြန်လည်စတင်သွားရန် ညှိနှိုင်းထားရှိပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးတင်အောင်ထွန်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသား မြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသား မြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံ အုပ်ချုပ်မှု၊ အမျိုးသားမြေ အသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က အဆိုသည် လက်ရှိ မြန်မာနိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စုသို့သွားမည့် လမ်းတွင် မဖြစ်မနေ လိုအပ်လာတော့မည့် National Land Law Policy ကို ဦးတည်သည့် အဆိုဖြစ်သည်ဟု မိမိအနေဖြင့် သုံးသပ်မိပါကြောင်း၊ ထို့ပြင် အဆိုရှင်၏ ရည်မှန်းချက် တစ်ခုဖြစ်သည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် မြေအသုံးချမှု ပုံစံများသည် အသက်မွေးဝမ်းကြောင်း၊ လူနေမှု၊ ရာသီဥတု၊ ပထဝီအနေအထား၊ မြေအမျိုးအစား၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ စီးပွားရေးအားသာချက်များ စသည့်ကွဲပြားမှု များရှိသည့်အတွက် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်နေမှုများသည့် မအောင်မြင်နိုင်ကြောင်းကို ဖော်ပြထားပါကြောင်း။
ထို့ပြင် အဆိုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် မဖြစ်မနေဖော်ဆောင်ရမည့် မြေယာနှင့် ပတ်သက်၍ အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်နေသည့်အတွက် လက်ရှိကျင့်သုံးနေသည့် မြေယာမြေ နှင့် ပတ်သက်သည့် အရာအားလုံးကို ပြန်လည်လေ့လာ ဆန်းစစ်ရမည် ဖြစ်ပါကြောင်း၊ အားသာချက် များကို လက်ရှိအသုံးပြုနေသည့် အရာများအပေါ်တွင် ဆက်လက်အသုံးပြု၍ အားနည်းချက်များကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မည့် Mother Law အောက်တွင် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် အဆိုကို ထောက်ခံပါကြောင်း ရှင်းလင်းပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး က အဆိုရှင် တိုက်တွန်းသကဲ့သို့ မြေနှင့် သက်ဆိုင်သည့် ဥပဒေများ၊ အဖွဲ့အစည်းများစွာ ရှိပါကြောင်း၊ အဆိုပါ အဖွဲ့အစည်းများသည် အနာဂတ်ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးကာလတွင် ကာလလတ်၊ ကာလရှည် စီမံကိန်းမျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ အမျိုးသား မြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းခြင်းသည် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ အပိုင်း(၁) အခန်း(၁)၏ ရည်ရွယ်ချက်များ အောင်မြင် ပေါက်ရောက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုကို အလေးအနက်ထောက်ခံပါကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းအဆိုကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမန်းထွန်း ကြိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းနှင့် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဦးဘမျိုးသိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်