နေပြည်တော် ၁ မတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသား လွှတ်တော်က ဖွဲ့စည်းထားသော ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအစား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဟု အမည် ပြောင်းလဲပြင်ဆင် သွားမည်ဖြစ်ပါကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်တို့ကိုလည်း ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့် ပြင်ဆင် သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ အမည်ပြောင်း လဲပြင်ဆင်ခြင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်ပြင်ဆင်သတ်မှတ်ခြင်း တို့နှင့်စပ် လျဉ်းသည့် တင်ပြချက်ကို သဘောတူ / မတူ လွှတ်တော်၏ အတည်ပြုချက်ရ ယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင် က မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ဆက်လက်၍ အမျိုသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမြဟန်က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစောယှားဖောင်အွာက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ပြည့်ဖြိုး ၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော် လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီး ပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော အမျိုးသား မြေဥပဒေ(National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသား မြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံ အုပ်ချုပ်မှု၊ အမျိုးသားမြေ အသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်း က အဆိုရှင် တင်ပြ သကဲ့သို့ လိုအပ်နေသည်မှာ အမျိုးသားမြေဥပဒေပေါ်ပေါက်လာရေး ဖြစ်ပါကြောင်း၊ ပညာရှင်များနှင့် အတွေ့အကြုံရှိသူများ စုပေါင်းပါဝင်၍ အချိန်ယူ ငွေကုန်ကြေးကျခံကာ ရေးဆွဲခဲ့သည့် ၂၀၁၆ခုနှစ်၊ မြေအသုံးချမူဝါဒသည် အတော်အတန် ပြည့်စုံကောင်းမွန်မှု ရှိသော်လည်း အဆိုရှင် ဆွေးနွေးသည့် အကြောင်းအရာများ၊ မိမိအပါအဝင် ကိုယ်စား လှယ်များ ထောက်ပြအကြံပြု ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များ ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ အဆိုပါ အချက်များကို ဖော်ဆောင်နိုင်မှသာလျင် လက်ရှိရင်ဆိုင်နေရ သည့် မြေယာအရှုပ်တော်ပုံများကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး တည်ငြိမ်မှုကို ရရှိမည်ဖြစ်ရာ မိမိတို့ မျှော်မှန်းသည့် ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်ကို ရောက်ရှိရန်အတွက် မြေယာကဏ္ဍ မှ အားဖြည့်မောင်းနှင်နိုင်မည် ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဇော်မင်းလတ်(ခ)ဦးကိုလတ် က ဥပဒေ တစ်ရပ်၏ တိကျခိုင်မာမှု၊ မျှတမှုနှင့် ကျင့်သုံးရာတွင် အကျိုးဖြစ်ထွန်းစေမှုများသည် ဥပဒေပြုသူ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့ဘက်က တွေးဆ၍ ဆောင်ရွက် ပြီးကောင်းမွန်သန့်စင်သည့် စေတနာနှင့် မျှော်မြင်နိုင်သည့် ပညာစွမ်းအားအပေါ်တွင် မူတည်သည့်အတွက် များစွာတာဝန်ကြီးလှပါကြောင်း၊ အဆိုပါ တာဝန်ကိုထမ်းဆောင် သည့်အခါတွင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြီး ရေးဆွဲသည့် မြေယာဥပဒေ ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါကြောင်း။
အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးရာ အခြေ အနေများကို ထည့်သွင်းစဉ်းစားပြီး အခြေချတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေအသုံးချမှုများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များကို အလေးထား၍ သယံဇာတ ထုတ်ယူခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလာခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် မရှိမဖြစ် အကောင်အထည်ဖော်ရမည့်စီမံကိန်းများ၊ မြေမဲ့ယာမဲ့များကို မြေယာခွဲဝေချထားပေး ခြင်းလုပ်ငန်းများ စသည့်လုပ်ငန်းစဉ်ပေါင်းများစွာကို နိုင်ငံ တော်၏ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ် စိစစ်၍ မြေယာဥပဒေကို အပိုင်း လိုက်၊ ကဏ္ဍအလိုက် စီမံချက်ချရေးဆွဲမည်ဆိုပါက အနာဂတ်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် မြေယာဥပဒေတစ်ရပ် ပေါ်ထွက် လာနိုင်မည်ဟု ယုံကြည်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးခင်မျိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) မှ ဒေါ်ရွှေရွေစိန်လတ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမင်းဟန် တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းအဆိုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် မြေသယံ ဇာတများသည် နိုင်ငံတော်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား စီမံအုပ်ချုပ်အသုံးချရ မည့် အကန့်အသတ် ရှိသော အရင်းအမြစ်များဖြစ်ပြီး စနစ်တကျ အသုံးချစီမံခန့်ခွဲ နိုင်သည်နှင့် အမျှ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာစေခြင်း ကို ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အဆိုနှင့် စပ်လျဉ်း၍ မြေအသုံးချမှု မူဝါဒ အပိုင်း ၁၀၊ အပိုဒ် ၇၇ (က) ပါ အချက်များနှင့်အညီ နိုင်ငံတော်ရှိ မြေနှင့် သက်ဆိုင်သော တည်ဆဲဥပဒေအားလုံးကို သဟဇာတဖြစ် ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒကို လမ်းညွှန်အဖြစ်အသုံးပြု၍ အမျိုးသား မြေဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် မြေအသုံးချမှု ကော်မတီများ၊ အထောက်အကူပြု လုပ်ငန်းကော်မတီများ ပူးပေါင်း၍ အမျိုးသား မြေအသုံးချမှု မူဝါဒ ဆိုင်ရာဖိုရမ်မှ အကြံပြုချက်နှင့်အညီ အမျိုးသားမြေဥပဒေထွက် ပေါ်လာရေးအတွက် အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင် ထားရှိနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အဆိုရှင် ဒေါက်တာပြည့်ဖြိုးက အဆိုကို လွှတ်တော်၏ အဆုံးအဖြတ် ခံယူမည် ဖြစ်ပါကြောင်း တင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို အတည်ပြုရန် စက်ခလုပ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၀ မဲ၊ ကန့်ကွက်မဲ ၆မဲ၊ ကြားနေမဲ ၄ မဲဖြစ်၍ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြု ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုသားလွှတ်တော် ဥက္ကဋ္ဌ က ၂၀၁၂ခုနှစ်၊ အမျိုးသားလွှတ် တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇နှင့် ၂၀၁၅ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့အရ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ (၁၃)ခု၏ သက်တမ်းမှာ တစ်နှစ် ပြည့်မြောက်ပြီး ဖြစ်ပါ၍ ၂၀၁၅ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင် ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ်သက်တမ်း တစ်နှစ်တိုးမြှင့်သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်ရဲသွင်၊ လူမော်