နေပြည်တော် ၇ မတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုးယူခြင်းခံရသော ကျွဲ၊ နွားများ ပြန်လည်ရယူနိုင်ရေးနှင့် ပါဝင်ပတ်သက်သော သူခိုး၊ ဓားပြများ ဖမ်းဆီးရေးအတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းပြီး အရေးယူဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် တပ်မတော်(ရေ)၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့တို့မှ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်နယ်နိမိတ် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးယူခြင်းခံရသည့် ကျွဲ၊ နွားများကို ပြန်လည်ရရှိရေးနှင့် သူခိုး၊ ဓားပြများ ဖမ်းဆီးနိုင်ရေးတို့အတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးမှလည်းကောင်း၊ နှစ်နိုင်ငံအလံတင် အစည်းအဝေးများဖြစ်သည့် တပ်ရင်းမှူးအဆင့် အစည်းအဝေး၊ နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကဲမှုအဆင့် အစည်းအဝေးများမှလည်းကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မ(မြေနီကုန်း)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ပင်မရုံးခန်း (၄၀x၃၀)ပေရှိ အဆောက်အအုံနှင့် (၆)ခန်းတွဲ ဝန်ထမ်းအိမ်ရာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ ဘတ်ဂျက်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးဦးစီးဌာန၊ ပလက်ဝမြို့နယ် ဦးစီးမှူးရုံးအတွက် (၈၀ x ၄၀ x၁၂) ပေ RC (၁)ထပ်၊ ပလက်ဝမြို့နယ် ဝန်ထမ်းအိမ်ရာ ပေ (၆၀x ၃၀x၁၀) (၂)ခန်းတွဲ RC (၁)ထပ်ကို ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဘတ်ဂျက်တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ အကူအညီများရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်က မြေယာမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက တောင်သူလယ်သမားများအနေဖြင့် မြေယာပိုင်ဆိုင်လုပ်ကိုင်မှု စိတ်ချရမည်ဖြစ်ပါကြောင်း၊ မြေယာရောင်းဝယ်ပြောင်းလဲမှုများ စိတ်ချလက်ချ လုပ်ကိုင်နိုင်ရန် မြေယာဈေးကွက်များ ဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မြေယာအငြင်းပွားမှုများ လျော့နည်းပြီး မြေခွန်၊ ရေခွန်များ အတိအကျတောင်းခံနိုင်မည် ဖြစ်ပါကြောင်း၊ ရွာမြေ၊ မြို့မြေများ တိတိကျကျ ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မြေယာများကိုလည်း စနစ်တကျ ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ မြေယာများ ပြုပြင်ပြောင်းလဲသည့် အခါတွင်လည်း စိတ်ချစွာ အနှောင့်အယှက်ကင်းကင်း လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် စီမံမှုများကိုလည်း အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး က အဆိုသည် လုပ်သင့်လုပ်ထိုက်သည့် အဆိုတစ်ရပ်ဖြစ်ပါကြောင်း၊ တစ်မျိုးတည်းသော မြေပုံစနစ်ကို အကောင်အထည်ဖော်နိုင်ပြီး ဌာနတိုင်းက အဆိုပါ မြေပုံကိုပင် အသုံးပြုကြမည်ဆိုပါက စီမံခန့်ခွဲမှုသည် ထိရောက်မှန်ကန်ပြီး မြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ ဌာနအားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် နည်းပညာမြင့်မားလာပါကလည်း မြေပုံပေါ်တွင်ရှိသည့် အချက်အလက်များတွင် မြေအတွက် အခွန်ဆောင်ထားမှုများ၊ မည်သူက မြေမည်မျှ ပိုင်ဆိုင်ထားသည်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူသယံဇာတနှင့် မြေသယံဇာတကို ကောင်းစွာအသုံးချနိုင်မှသာ နိုင်ငံပြန်လည်ထူထောင်ရေးသည် ထိရောက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်လိုသည့်အတွက် အဆိုကို ထောက်ခံရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ ဒေါ်ထုမေတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို မတ် ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်