နေပြည်တော် ၄ ဖေဖော်ဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း (၂)ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမငယ် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမငယ်-အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ထက်ဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦးသာ ရှိသည့်အပြင် အနီးဆုံး အထက်တန်းအဆင့်သင် ကျောင်းဖြစ်သော ဒီးမော့ဆို- အခြေခံ ပညာအထက်တန်းကျောင်းနှင့်(၁)မိုင်ခန့်သာ ကွာဝေးသည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ရန် ဦးစားပေး သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ လက်ရှိတွင်လည်း အခြေခံပညာအထက်တန်း အဆင့် ပညာရပ်များလည်း သင်ကြားခွင့် ရှိနေပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင် - အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)တွင် အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၆၇) ဦးသာ ရှိသည့်အပြင် အနီးဆုံးအထက်တန်းအဆင့်သင်ကျောင်း ဖြစ်သော အပေါက်ဝ - အခြေခံပညာအထက်တန်းကျောင်းနှင့် (၆)မိုင်ခန့်သာ ကွာဝေးသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် ဦးစားပေး သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ လက်ရှိတွင်လည်း အခြေခံပညာအထက်တန်းပညာရပ်များ သင်ကြားခွင့်ရှိနေပါ ကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း ၏ မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့နယ်အတွင်းရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)တွင် အသက်မွေးဝမ်းကြောင်း အတတ်ပညာ လက်တွေ့သင်ကြား ပြသမှုအတွက် အထောက်အကူပြု မော်တော်ယာဉ်များ အသုံးပြုပြီး စီမံဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အထောက်အကူပြု မော်တော်ယာဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လွှတ်တော်ကိုယ်စားလှယ် တင်ပြသကဲ့သို့ သံရည်ကျိုအဆင့် ကားများကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး ရရှိရေး ဆောင်ရွက်လျက်ရှိရာ ခွင့်ပြုသည့်အတွက် မကြာမီတွင် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) အတွက် ယာဉ်(၅)စီး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)အတွက် (၅)စီး၊ အစိုးရစက်မှု လက်မှုသိပ္ပံ (မန္တလေး)အတွက် (၅)စီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ပြင်ဦးလွင်) အတွက် (၅)စီး၊ ဂျပန် - မြန်မာ အောင်ဆန်း သက်မွေးပညာသင် တန်းကျောင်းအတွက် (၅)စီး၊ နည်းပညာမြှင့်တင်ရေးသင် တန်းကျောင်းဌာန၊ ဆရာအတတ်သင်သိပ္ပံအတွက် (၅)စီး စုစုပေါင်းမော်တော် ယာဉ် အစီး (၃၀) ကို ထုတ်ယူပြီး ဖြန့်ဝေပေးရန် စီစဉ်ထားပါကြောင်း၊ ကျန်သော ကျောင်းများအတွက်လည်း ယခုကဲ့သို့ ဆက်လက်တင်ပြပြီး ရရှိပါက ခွဲဝေဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်း က ထိမ်းမြားလက် ထပ်ခြင်းသည် ကာယကံရှင် (၂)ဦးနှင့် တိုက်ရိုက်ပတ်သက်သည့် လူမှုရေးကိစ္စဖြစ် သော်လည်း လူ့အသိုက်အဝန်းတစ်ခုလုံးနှင့်လည်း သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိမ်းမြားလက်ထပ်ရေး သတ်မှတ်ချက်များကို ဥပဒေနှင့်ပြဋ္ဌာန်း သတ်မှတ် ပေးကြပါကြောင်း၊ ယခုပြဋ္ဌာန်းမည့် ဥပဒေသည် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ဖြစ်သောကြောင့် ကလေးသူငယ်များ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ရန် အပိုဒ် ၂၃ ၏ အဆိုပြု ပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သော အသက်သည် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင် က အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်း များပြားလာခြင်း၊ မိခင်ရော ကလေးပါ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းနှင့် နိုင်ငံ၏ အနာဂတ်အတွက် ကျန်းမာ ဖွံ့ဖြိုးသည့် လူငယ်၊ လူရွယ်များ နည်းပါးလာစေခြင်းများ ဖြစ်ပေါ်စေနိုင်သည့်အတွက် ကြောင့်သော်လည်းကောင်း၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာများတွင်ပါ ဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးငယ်များကို မွေးဖွားလာနိုင်သည့်အတွက်ကြောင့် သော်လည်းကောင်း၊ ယခု ဥပဒေကို ရေးဆွဲသည့်အခါတွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မွေးဖွားလာသည့် ကလေးငယ်များတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုလည်း ထည့်သွင်း စဉ်းစားပြီး ရေးဆွဲစေလိုသည့်အတွက်ကြောင့် သော်လည်းကောင်း၊ ထို့ပြင် ယခုပြဋ္ဌာန်းမည့် ဥပဒေသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြစ်သည့် အားလျော်စွာ ကလေးသူငယ်များ၏ အခွင့်အရေးကို ထိထိရောက်ရောက် ဆောင်ရွက်စေလို သည့်အတွက်ကြောင့် သော်လည်းကောင်း၊ ဥပဒေကြမ်းမှ ထိမ်းမြားလက်ထပ်ခြင်းနှင့် သက်ဆိုင်သည့် အခန်း ၇ ၊ အပိုဒ် ၂၃ ပါ အဆိုပြုပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈နှစ်ပြည့်ပြီး ဖြစ်ရမည် ဟူသော စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်ဝင်းသီရိဆွေ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇာနည်ထက်အောင်နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦး တို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း က ဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်