နေပြည်တော် ၃၀ ဇန်နဝါရီ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအို- မချမ်းဘော- နောင်မွန်း- ပန်နန်းဒင်- ခေါင်လန်ဖူး မြို့နယ်များ၌ ကမ္ဘာလှည့် ခရီးသည်များ လည်ပတ်ခွင့် ပိတ်ပင်ထားရှိမှုကို ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ၎င်းကမ္ဘာလှည့် ခရီးသည်များ ဝေးလံခေါင်ဖျားသည့် တောင်တက်ခရီးစဉ်များတွင် ဟိုတယ်၊ တည်းခိုခန်းများ မရှိသည့် ကျေးရွာများ၌ နေအိမ်များတွင် တည်ခိုခွင့် (Home Stay) အား အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကချင်ပြည်နယ် ပူတာအို ခရိုင်၊ ပူတာအို-မချမ်းဘော- နောင်မွန်း- ပန်နန်းဒင် -ခေါင်လန်ဖူး မြို့နယ်များ၌ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့် ပိတ်ပင်ထားရှိမှုကို ပြန်လည်ရုပ်သိမ်းပါက ကချင်ပြည်နယ်ရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဟိုတယ်များ၊ ခရီးလှည့်လည်ရေး ကုမ္ပဏီများနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည့်အတွက် ကန့်ကွက်ရန် မရှိပါသော်လည်း ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေဒေသ အခြေအနေအပေါ် မူတည်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့် သော်လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ ဝေးလံခေါင်ဖျားသည့် တောင်တက်ခရီးစဉ်များ၌ ဟိုတယ်၊ တည်းခိုခန်းများ မရှိသည့် ကျေးရွာများ၌ နေအိမ်များတွင် တည်းခိုခွင့် (Home Stay) အား အထူးကိစ္စရပ်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးနိုင်ခြင်း မရှိဘဲ ပြည်နယ်ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီသို့ တင်ပြ၍ ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာ အားကာမိုး၏ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်လျက်ရှိသည့် ရုံးများ၊ အချုပ်ခန်းများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် ဖွဲ့စည်းပုံပြည့်ဝစေရန်၊ ဝန်ထမ်းဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြို့မရဲစခန်းရုံးမှာ ဟောင်းနွမ်းပျက်စီးလျက်ရှိသဖြင့် အကြီးစား ပြန်လည်ပြုပြင်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေတွင်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (၁) ထပ် (၁)လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနေအိမ် (၁)ထပ် (၁)လုံး၊ (၆)ခန်းတွဲ (၂)ထပ် (၁)လုံးနှင့် သံတောင်နယ်မြေရဲစခန်းတွင် (၆)ခန်းတွဲ (၂) ထပ်(၁)လုံးတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် သံတောင်ကြီးမြို့နယ်သည် မှုခင်းဖြစ်ပွားမှု နည်းပါးသော်လည်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုနိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ဘားအံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၀)ဦးအား ထုတ်နုတ်၍ မြို့မရဲစခန်းသို့ အင်အားဖြည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်၊ ငဝန်မြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၁၉)အုပ်စု၏  ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် သဲနုကုန်းကျေးရွာရှိ ရဲကင်းအား ရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သဲနုကုန်း ရဲကင်းစခန်းအပိုင်နယ်မြေသည် လေးမျက်နှာမြို့မရဲစခန်းနှင့် အလှမ်းကွာဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မှုခင်းဖြစ်ပွားမှု အခြေအနေ အသင့်အတင့်ရှိခြင်း၊ လူဦးရေအသင့်အတင့်ရှိခြင်း၊ ကျေးရွာအုပ်စု (၁၉) အုပ်စုရှိခြင်းတို့ကြောင့် နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေရဲကင်းစခန်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟတို့၏ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြားခဲ့သည်။

 

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးထိန်ဝင်းက ဥပဒေကြမ်း တွင်ပါဝင်သည့် အခန်း(၁) အပိုဒ် ၃၊ အပိုဒ်ခွဲငယ် (ည)တွင် သင်တန်းကျောင်းဆိုသည်မှာ ဤဥပဒေအရ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ် (သို့မဟုတ်) ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်အား ထိန်းသိမ်းစောင့်ရှောက်ရန် ဆိုသည့် စကားရပ်အစား ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်၏ ကာယ၊ ဉာဏ၊ စာရိတ္ထတို့ကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် တည်ထောင်ထားသော သင်တန်းကျောင်းကို ဆိုလိုသည် ဟူ၍ ပြင်ဆင်လိုပါကြောင်း။

 

ဥပဒေကြမ်း၏ အခန်း(၇) အပိုဒ် ၂၃ နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်က အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်မှု အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည် ဆိုသည့်အတိုင်းပင် ထားလိုပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းထားသည်ကို အတည်ပြုသင့်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်က အဆိုပြုပြဋ္ဌာန်းချက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်အတွင်းမွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ မွေးဖွားခြင်းကို အခမဲ့မှတ် ပုံတင်ခွင့်ရှိသည်ဆိုသည့် စကားရပ်အစား နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းသည် မွေးဖွားခြင်းကို ဥပဒေနှင့်အညီ အခမဲ့မှတ်ပုံတင်ခွင့်ရှိသည် ဆိုသည့်စကားရပ်ဖြင့် ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း။

 

ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)တွင် ဆေးရုံ သို့မဟုတ် သားဖွားခန်း၌ ကလေးမွေးဖွားပြီးလျှင် ဖြစ်စေ၊ အခြားနေရာတစ်ခုခုတွင် မွေးဖွားပြီးလျှင်ဖြစ်စေ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် သင့်လျော်သူတစ်ဦးဦးသည် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာနသို့ မွေးဖွားခြင်းကို မှတ်ပုံတင်ရန် အကြောင်းကြားရမည် ဆိုသည့် စကားရပ်အစား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဆေးရုံ သို့မဟုတ် သားဖွားခန်း၌ ကလေးမွေးဖွားပြီးလျှင်ဖြစ်စေ၊ အခြားနေရာတစ်ခုခုတွင် မွေးဖွားပြီးလျှင်ဖြစ်စေ မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဦးသည် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာနသို့ မွေးဖွားခြင်းကို မှတ်ပုံတင်ရန် အကြောင်းကြားရမည် ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း။

 

အဆိုပြု ပြဋ္ဌာန်းချက် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဃ)တွင် ကလေးမွေးဖွားခြင်းကို မှတ်ပုံတင်ထားခဲ့ခြင်းမရှိသည့် ကိစ္စတွင် ကလေးမွေးဖွားခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ဖြစ်စေ၊ သက်ဆိုင်ရာ ဆေးရုံ သို့မဟုတ် သားဖွားခန်း၏ တာဝန်ခံပုဂ္ဂိုလ်က ထုတ်ပေးသည့် မွေးစာရင်း သက်သေခံလက်မှတ်ပူးတွဲ၍ ဖြစ်စေ ကလေးမွေးဖွားကြောင်း ကလေးသူငယ်၏ မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် သင့်လျော်သူတစ်ဦးဦးက သက်ဆိုင်ရာအစိုးရဌာနသို့ အကြောင်းကြားပြီး မွေးဖွားမှု မှတ်ပုံတင်ရမည်။ ထိုကလေး မွေးဖွားကြောင်း မှတ်ပုံတင်ခြင်းသည် ကလေးသူငယ်၏ အသက်အတွက် သက်သေအထောက်အထား ဖြစ်သည်ဟု မှတ်ယူရမည် ဆိုသည့် စကားရပ်အစား ကလေးမွေးဖွားခြင်းကို မှတ်ပုံတင်ထားခဲ့ခြင်း မရှိသည့်ကိစ္စတွင် ကလေးမွေးဖွားခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ဖြစ်စေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဆေးရုံ သို့မဟုတ် သားဖွားခန်း၏ တာဝန်ခံပုဂ္ဂိုလ်က ထုတ်ပေးသည့် မွေးစာရင်းသက်သေခံလက်မှတ် ပူးတွဲ၍ဖြစ်စေ ကလေးမွေးဖွားကြောင်း ကလေးသူငယ်၏ မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဦးက သက်ဆိုင်ရာအစိုးရဌာနသို့ အကြောင်းကြားပြီး မွေးဖွားမှု မှတ်ပုံတင်ရမည်။ ထိုကလေး မွေးဖွားကြောင်း မှတ်ပုံတင်ခြင်းသည် ကလေးသူငယ်၏ အသက်အတွက် သက်သေအထောက်အထားဖြစ်သည်ဟု မှတ်ယူရမည် ဆိုသည့်စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း။

 

ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ပါ ပုဒ်မ ၂၂ တွင် မွေးဖွားကြောင်း မှတ်ပုံတင်သည့် ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရမည် ဆိုသည့် စကားရပ်အစား ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရမည် ဆိုသည့်စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကျော်ဖြိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ ဒေါ်အိအိပြုံးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်နဝါရီ ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)