နေပြည်တော်   ၈  ဖေဖော်ဝါရီ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ပုလဲကိုင်းကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဇီးချောင်းကျေးရွာများအား ပြည်ထဲရေး အမည်စာရင်း ထည့်သွင်းပေးရန်နှင့် ကျေးရွာများအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က လက်ပန်ကျေးရွာနှင့် ဇီးချောင်းကျေးရွာတို့သည် စိစစ်တွေ့ရှိချက်များအရ တရားဝင် အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေးရန် မသင့်ကြောင်းနှင့် ပုလဲကိုင်း ကျေးရွာအား တရားဝင် အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေးမည်ဆိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောကြိုးဝိုင်း မြေအတွင်း ကျရောက်နေသည့်အတွက် သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပြီးမှသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇဝန၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် အခြေခံပညာအဆင့် ပုဂ္ဂလိက ကျောင်း(၄)ကျောင်းနှင့် အဆင့်မြင့်ပညာသင် ပုဂ္ဂလိကကျောင်း (၄)ကျောင်းတို့ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများသည် သက်ဆိုင်ရာ ပညာရေး ဥပဒေပြဋ္ဌာန်းပြီးသည့် အခါတွင် ယင်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဆက်လက်၍ မုံရွာဝါကြိတ်စက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါကြောင်း၊ သိန်းမင်းစက်မှုလုပ်ငန်းအဖွဲ့ ကုမ္ပဏီလီမိတက်အနေဖြင့် မုံရွာဝါကြိတ်စက်ရုံကို နှစ်ရှည် ငှားရမ်း၍ ဂွမ်းကပ်၊ မွေ့ယာနှင့် ဂွမ်းကပ်စောင်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တစ်ဆင့် အဆိုပြုချက် တင်ပြခဲ့သဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၆ ခုနှစ် မတ် ၂၄ ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့သည့် “သိန်းမင်းစက်မှု လုပ်ငန်းအဖွဲ့ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှုများအား ရပ်ဆိုင်းသင့်ကြောင်း အရေးကြီးအဆို” နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် အထူးကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဝါကြိတ်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖွဲ့စည်းပေးခဲ့သော အထူးကွင်းဆင်းစစ် ဆေးရေးအဖွဲ့၏ အစီရင်ခံစာပါ အချက်များ အပေါ်အခြေခံ၍ ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၇/၂၀၁၇ ကြိမ်မြောက် အစည်းအဝေးတွင် “ငှားရမ်းခများ ပြန်လည်ညှိနှိုင်း၍ သီးသန့်စာချုပ် ပြင်ဆင်ချုပ်ဆိုရန်နှင့် အဆိုပါ ကိစ္စရပ်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီသို့ တင်ပြရန်” ဆုံးဖြတ်ခဲ့ပါကြောင်း။

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ငှားရမ်းခနှုန်းထား ပြင်ဆင်သတ်မှတ်၍ ပြင်ဆင်ချက်စာချုပ် (မူကြမ်း) ပြုစုလျက်ရှိပါကြောင်း၊ ပြင်ဆင်ချက်စာချုပ် (မူကြမ်း) ပြီးစီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ သဘောထားများရယူ ပြင်ဆင်၍ ပြည်ထောင်စု စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေများအရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုဥပဒေ ဖျက်သိမ်းမှု မပြုသရွေ့ တည်တံ့နေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၈ဖြင့် ဖွဲ့စည်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်အပေါ် မူတည်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ နှင့်အညီ ဖွဲ့စည်းပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်ပြီး ၎င်းဦးစီးဌာနကပင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂ (ဆ) အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကော်မရှင်ရုံးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဦးလှဆန်းက တရားရေးလမ်းကြောင်း တည့်မတ်မှန်ကန်စေရေး အစခြေလှမ်းဟု သတ်မှတ်ရသော ဦးစိုးမိုး တင်သွင်းသည့် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေးသည်လည်း လိုအပ်သကဲ့သို့ တိကျမှန်ကန်ဖြောင့်မှန်သော တရားရေးလမ်းကြောင်း ဖြစ်ပေါ်တည်ရှိလာစေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများ၊ တရားရေးလမ်းကြောင်း လက်တွေ့ ဖော်ဆောင်ပေးနေသည့် တရားသူကြီးများ၊ ဥပဒေပညာရှင်များ၊ ရှေ့နေများ၊ တရားရေးဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ အမှုသည်များ၊ သက်သေများ၊ ပြည်သူ့ရဲဝန်ထမ်းများ အဂတိတရားလိုက်စားမှုမရှိဘဲ မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ကြပါဟု ပြောကြားရင်း အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်းက အဆိုတွင် တရား သူကြီးများအနေဖြင့် တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းသစ္စာကျိန်ဆိုရန် မလိုအပ်သော်လည်း နေ့စဉ်တရားခွင် စတင်ဆောင်ရွက်သည့်အခါ သို့မဟုတ် အမှုတစ်ခု စတင်စစ်ဆေးသည့်အခါ ကျမ်းသစ္စာကျိန်ဆိုရန် လိုအပ်သည်ကို ဖော်ပြထားပါကြောင်း၊ တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုအား တရားစီရင်ရေး ဥပဒေတွင် ထည့်သွင်းရေး ဆွဲပြဋ္ဌာန်းပေးမည်ဆိုပါက ပိုမိုသင့်တော်မည်ဖြစ်ပါကြောင်း၊ တရားစီရင်သည့် တရားသူကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူကို တရားစီရင်ရာတွင် ပြည်သူ့ တရားသူကြီးများဖြစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးက မိမိတို့နိုင်ငံတွင် ဖြတ်သန်းခဲ့သည့် ခေတ်၊ စနစ်များကြောင့် ပြည်သူအများစုသည် အသိပညာ နည်းပါးနေကြပါကြောင်း၊ အမှန်တရား အပေါ်တွင် လုံးဝရပ်တည်ရမည်ဆိုသည့် နှိုင်းဆနိုင်သည့် ဆင်ခြင်တုံတရား နည်းပါးနေကြပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် တရားရုံးများတွင်လည်း အဆိုပါ အသိပညာနည်းပါးသည့်အတွက် ပြည်သူများသည် အများဆုံး အမှုရင်ဆိုင်နေကြရပါကြောင်း၊ အမှုစစ်တရားသူကြီးများ၊ သက်သေများနှင့် တရားလို၊ တရားခံ၊ အရာရှိ စသည်မခွဲခြားဘဲ ကျမ်းကျိန်ဆိုကြမည် ဆိုပါက တရားစီရင်ရေးအပေါ်တွင် ပြည်သူအများစုက တရားမျှတမှန်ကန်ကြောင်း ယုံကြည်ကိုးစားလာကြမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် အဆိုကို ထောက်ခံဆွေးနွေးအပ်ပါကြောင်း ပြောကြားသည်။

ယင်းအဆိုကို မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ ရခိုင် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄) မှ ဦးကျော်ကျော်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ် နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးတို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြန်လည်ဆွေးနွေးရာတွင် ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဈေးကွက်စီးပွားရေးစနစ်နှင့် လွတ်လပ်စွာကုန်သွယ်ခြင်း အစီအမံတို့ကို ဆောင်ရွက်နေပါကြောင်း၊ လိုအပ်သည့် ကုန်သွယ်မှုဆိုင်ရာ ဥပဒေများကို လည်းနိုင်ငံတကာက ရင်းနှီးမြှုပ်နှံနိုင်စေရန် ရေးဆွဲပြဋ္ဌာန်းနေသည်ကို ပြည်သူများလည်းသိရှိပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အနေအထားမျိုးတွင် နိုင်ငံတကာ၌ ကျင့်သုံးလေ့မရှိသေးသည့် တရားသူကြီးများ နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုခြင်းသည် ပြည်သူများဘက်က ယုံကြည်ကိုးစားမှု မြင့်မားလာစေနိုင်သည်ဟု အဆိုပြုသကဲ့သို့ တစ်ဖက်မှ နိုင်ငံတကာ၏ မျက်မြင်တွင် ရေးဆွဲပြဋ္ဌာန်းမည့် ကုန်သွယ်မှုဆိုင်ရာ ဥပဒေများကို အကောင်အထည်ဖော် စီရင်သုံးသပ်မည့် တရားသူကြီးများ အပေါ်တွင် အယုံအကြည် တန်စေနိုင်မည့် ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ကျင့်စဉ်အတိုင်း စတင်တာဝန်ထမ်းဆောင်စဉ်က ကျမ်းသစ္စာကျိန်ဆိုခြင်းသည် တာဝန်ထမ်းဆောင်သည့် သက်တမ်းတစ်ခုလုံးအတွက် ပဋိဉာဉ်ပြုရာ ရောက်သကဲ့သို့ ကျမ်းကျိန်ဆိုရာ ရောက်သည့်အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုရှင် ဦးစိုးမိုးက အဆိုကို အတည်ပြုနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို  အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉မဲ၊ ကြားနေမဲ ၃ မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

 

mdn