နေပြည်တော် ၃၁ ဇန်နဝါရီ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကြိမ်ချောင်းကျေးရွာ၊ မင်းသားတောင် ကျေးရွာနှင့် သရက်အုပ်ရွာသစ်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကြိမ်ချောင်းကျေးရွာနှင့် လေးဖာလုံသာဝေးသည့် သံချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေးဖာလုံသာဝေးသည့် နေရာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခု တည်ဆောက်ပေးသည့်အတွက် ကြိမ်ချောင်း ကျေးရွာတွင် ဆောက်လုပ်သည့် သဘောပင်ဖြစ်ပါကြောင်း၊ မင်းသားတောင်ကျေးရွာအား ကျေးလက်ကျန်းမာရေး ဌာနခွဲအဖြစ်သို့ တိုးချဲ့ပေးမည်ဖြစ်ပါကြောင်း၊ တောင်းဆိုထားသည့် သရက်အုပ်ကျေးရွာသည် င/တပေါင်း ကျေးလက်ကျန်းမာရေး ဌာနခွဲအောက်တွင်ရှိသည့် ရွာတစ်ရွာဖြစ်ပါကြောင်း၊ င/တပေါင်းကျေးလက် ကျန်းမာရေးဌာနခွဲတွင်လည်း အင်အားအပြည့် ရှိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လတ်တလောတွင် သရက်အုပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် မလိုအပ်သေးပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်အတွင်း အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စာကြည့်တိုက်နှင့် သောက်သုံးရေကန်တို့၏ ကြားတွင်ရှိနေသော အလျားပေ (၄၂၀)၊ အနံပေ(၁၃၀)ရှိ မြေကွက်လပ်ကို ရပ်ကွက်အားကစားကွင်း အဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ပေးပို့လာသော စာရရှိပါကြောင်း၊ အဆိုပါစာတွင် တင်ပြထားသည်မှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၃ ရပ်ကွက်အတွင်း စာကြည့်တိုက်နှင့် သောက်သုံး ရေကန်ကြားရှိ ပေ ၄၂၀ × ပေ ၁၃၀ မြေကွက်လပ်နေရာအား မြေပြင်အခြေအနေကို စိစစ်သည့် အခါတွင် အဆိုပါနေရာသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲလိုက်ပါကြောင်း၊ ထိုသို့ လွှဲလိုက် သည့် အချိန်ကတည်းကပင် မြို့ကွက်ကျ မြေပုံအရ မြေတိုင်းရပ်ကွက် အမှတ်(၉၃)၊ မြေကွက် အမှတ်(၁၇၆ မှ ၁၉၇) စုစုပေါင်း အကွက် ၂၂ကွက် ရှိပြီး မြို့ကွက်ကျ မြေကွက်များအဖြစ် သတ်မှတ်ပါဝင်ခဲ့ပါကြောင်း။
အဆိုပါ အကွက် ၂၂ ကွက်တွင် အကွက်အမှတ် (၁၈၆ နှင့် ၁၈၇) နှစ်ကွက်သည် မြေငှားခကြီး ကြပ်မှုစာရင်းတွင် ပုဂ္ဂလိက အမည်ပေါက်ဖြင့် မှတ်သားပါဝင်လျက်ရှိပါကြောင်း၊ ကျန်ရှိသည့် အကွက် ၂၀ ကို လက်ရှိမြေပြင် စစ်ဆေးမှုအရ မြေကွက်လပ်အဖြစ် တည်ရှိနေသော်လည်း အဆိုပါ မြေကွက်ပေါ်တွင် လူနေရပ်ကွက် ၂၂ ကွက် ဖော်ထုတ်ချထားပေးသည့် နေရာဖြစ်သည့်အတွက် ရပ်ကွက်အားကစားကွင်းအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ် မရှိကြောင်းကို ပြောကြားထား ပါကြောင်း။
ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်အား တင်ပြလိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပြန်လည်ညှိနှိုင်း၍ ရရှိပါက ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပြန်လည်ညှိနှိုင်းသင့်သည်ဟု ထင်မြင်မိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖာရွန်းကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထန်တလန်မြို့တွင် လူဦးရေ ငါးသောင်းကျော် ရှိပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ခုတင် (၅၀)ဆံ့ ဆေးရုံ (၁)ရုံနှင့် တိုက်နယ်ဆေးရုံ (၄) ရုံရှိပါကြောင်း၊ တောင်းဆိုထားသည့် ဖာရွန်းကျေးလက် ကျန်းမာရေးဌာနသည် ထန်တလန်မြို့ ပြည်သူ့ဆေးရုံနှင့် (၂၂) မိုင်သာ ကွာဝေး၍ နွေ၊ မိုး၊ ဆောင်း သုံးရာသီ သွားလာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင်ဖာရွန်း ကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (၄)ခု ရှိပါကြောင်း၊ ထို့ကြောင့် ဖာရွန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံဆောက်ရန် အခွင့်အလမ်း လတ်တလောတွင် မရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်မိုးသွင်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အပိုဒ် ၁၂၀ ပါပြဋ္ဌာန်းချက်နှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် လည်းကောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို ပေါ်လွင်ထင်ရှားစေရန်အတွက် လည်းကောင်း အခန်း(၂၇)ပါ ပြစ်မှုနှင့် ပြစ်ဒဏ်ဖော်ပြချက်များကို ပိုမိုလေးနက်စေရန် အတွက်လည်းကောင်း ရည်ရွယ်သည့်အတွက် မူလဥပဒေကြမ်းပါအတိုင်း အဆိုပြု ပြဋ္ဌာန်းချက် အပိုဒ် ၁၀၄ ၏ မည်သူမဆို ကလေးသူငယ်ကိုဖြစ်စေ၊ မသန်စွမ်းကလေးသူငယ်ကိုဖြစ်စေ မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဆိုသည့် ပြဋ္ဌာန်းချက်ကို ပြန်လည်ထည့်သွင်းဖော်ပြရန်နှင့် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၏ အပိုဒ် ၁၁၅ အဖြစ် ပြင်ဆင်ထားသည့် ပြည်သူ့လွှတ်တော်၏ အသစ်ဖြည့်စွက်ချက် အပိုဒ် ၁၁၄ ကို ပယ်ဖျက်ရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းသည် အရေးကြီးသည့် ဥပဒေဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်မားရေးနှင့် ကျန်းမာရေး အစရှိသည့် ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း၊ လက်ထပ်ထိမ်းမြားခြင်းကိစ္စသည် အရွယ်ရောက်ပြီးသူများ၏ ကိစ္စဖြစ်သည်နှင့်အညီ လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ခြင်းကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ အခန်း(၇)၊ လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၃ ကို ပယ်ဖျက်လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး သိန်းလွင်ဌေး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဝင်းဦး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းဘိုဘိုထွေးနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး မိုးဟန်တို့က ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)