နေပြည်တော်  ၂၃ ဇန်နဝါရီ

 

ဒုတိယအကြိမ် မျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော သုဝဏ္ဏမိုးလုံလေလုံ အားကစား အဆောက်အအုံကြီးကို အကြီးစားပြန်လည်မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အဆိုပါ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ (အလျား ပေ ၁၀ဝ × အနံ ၈၄ ပေ × အမြင့် ၃၂ပေ) ရှိပြီး နှစ်ပေါင်း(၃၀) ခန့်ကြာမြင့်ပြီဖြစ်၍ အဆောက်အဦမှာ ခိုင်ခန့်မှု အားနည်းလျက်ရှိကာ သတ်မှတ်စံချိန်စံညွှန်းရှိသည့် (A) အဆင့်အားကစားရုံ မဟုတ်သဖြင့် အကြီးစားပြင်ဆင်မှု လုပ်ငန်းများဖြစ်သည့် လျှာထိုး ကြမ်းခင်းခြင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လုံလောက်သော အကျယ်အဝန်း မရှိခြင်းတို့ကြောင့် အကြီးစားပြင်ဆင်မှုများကို မပြုလုပ်သင့်ပါကြောင်း။

 

သထုံမြို့သည် သထုံခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီသည့် အားကစားရုံ မရှိသည့်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေစာရင်းတွင် တင်ပြ၍ ခွင့်ပြုချက် ရရှိပါက (A)အဆင့် (အလျား ပေ ၁၂၀ × အနံ ပေ ၉၀)ရှိ မိုးလုံလေလုံအားကစားရုံ အသစ်အား တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား စံကိုက်တိုက်နယ်ဆေးရုံအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာ တိုက်နယ်ဆေးရုံတွင် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်ကာလအတွင်း (၂)ခန်းတွဲ ဆရာဝန်အိမ်ရာ (၁)လုံး၊ (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ပေးနိုင်ရန်အတွက် ခွင်ပြုရန်ပုံငွေ ကျပ် ၈၆ သန်း ပါရှိထားပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ကာလတွင် ရေဇွာမြို့၏ လက်ရှိဆေးရုံဝန်း အတွင်း၌ ခွဲစိတ်ခန်းနှင့် မွေးခန်းပါဝင်သော (၂)ထပ် စံကိုက်လူနာဆောင်အား မြေနေရာ စိစစ်မှုအရ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။ 

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင်၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် (A)အဆင့် သတ်မှတ်ချက်ရှိအားကစားရုံတစ်ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် (A) အဆင့်ရှိ (အလျား ပေ ၁၂၀ × အနံ ပေ ၉၀) အားကစားရုံ (၁)ခု တည်ဆောက်ခြင်းနှင့် ဘောလုံးကွင်းအတွင်း ကာရံခြင်းလုပ်ငန်းအတွက် ငွေကျပ် ၃၅ သန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စာရင်းတွင် လျာထားတင်ပြပြီး ဖြစ်သောကြောင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်းနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်က မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ပညာရှင်တို့နှင့် အသေးစိတ် ညှိနှိ်ုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံစာ တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ရှင်းလင်းကြေညာသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုးက ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုတင်သွင်းရာတွင် အမှုတစ်ခုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန်နှင့် ပြည်သူများ ယုံကြည်မှု ရစေရန်အတွက် တရားသူကြီးများအနေဖြင့် ကျမ်းသစ္စာ ကျိန်ဆိုရန် လက်ရှိအခြေအနေ အချိန်အခါအရ ညွှန်ကြားဆောင်ရွက်ရန် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ လက်တွေ့တွင် ပြဋ္ဌာန်းထားသည့် ပုံစံအတိုင်း တိကျလေးနက်စွာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း မပြုသည့် သက်သေများ၊ အမှုသည်များကို တွေ့ရှိနေရပါကြောင်း။

 

ကျမ်းသစ္စာကျိန်ဆိုစေ၍ အမှုစစ်ဆေးခြင်း၊ ထွက်ဆိုချက် ရယူခြင်းသည် အမှန်တရားကို ပိုမိုရရှိစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ တရားစီရင်ရေးကို ပြည်သူများ ယုံကြည်အားကိုးလာသည်နှင့်အတူ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျမ်းသစ္စာအက်ဥပဒေပုဒ်မ ၆ အရ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုသော ဟိန္ဒူဘာသာဝင်နှင့် မဟာမေဒင်ဘာသာဝင် သက်သေများ၊ ဂျူရီလူကြီးများ သို့မဟုတ် စကားပြန်များမှအပ ကျန်ဘာသာဝင် တရားသူကြီးများ၊ အမှုသည်များ၊ သက်သေများအားလုံး နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အခါ သို့မဟုတ် အမှုတစ်ခု စတင်စစ်ဆေးသည့် အချိန်တွင် ကျမ်းသစ္စာကျိန်ဆိုရန် မိမိအနေဖြင့် အဆိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က ထောက်ခံသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ ဆန္ဒရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော် (သတင်းစဉ်)