နေပြည်တော် ၆ ဇွန်
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ(၃)ခု ဖတ်ကြားရှင်းလင်းခြင်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း က ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ် ၏ ချင်းပြည်နယ်၊ ဟားခါးမြို့ နယ်အတွင်းရှိ ဒင်လိုပါး(Dinlopa) ကျေးရွာနှင့် ဒေါင်ဗား(Dongva) ကျေးရွာတို့အကြားရှိ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့ထွင်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဟားခါးမြို့နယ်အတွင်းတွင်ရှိသည့် ဒင်လိုပါး(Dinlopa) ကျေးရွာနှင့် ဒေါင်ဗား(Dongva) တို့အကြားရှိ ကျေးရွာ ချင်းဆက်ကားလမ်းကို လမ်းတာချဲ့ပေးရန် ကိစ္စနှင့် ပတ်သက်၍ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အပေါ် မူတည်၍ လမ်းအူ ကြောင်း အခြေအနေ၊ နယ်မြေအခြေအနေ၊ အထူးပြုသည့် ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေနှင့် စိုက်ပျိုးမြေများနှင့် လွတ်ကင်းမှု ရှိ၊မရှိစသည့် အချက်တို့ကို သက်ဆိုင်ရာ၊ မြို့နယ်၊ ခရိုင်နှင့် ချင်းပြည်နယ် အစိုးရတို့မှ ဦးစားပေးအစီအစဉ်အလိုက် စိစစ်ထောက်ခံတင်ပြလာမည် ဆိုပါက ပြည် ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေတွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်မှ စတင်၍ ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး အပိုင်းလိုက် ထည့်သွင်းလျာထားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ ပညာရေးဝန်ကြီး ဌာန လက်အောက်ရှိ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားရှိနိုင် ရေး အခြေအနေနှင့် တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ ဆရာမ များအား အိမ်ခန်း၊ အဆောင်များချထားပေးရာတွင် သတ်မှတ်ထားသော မူဝါဒများနှင့် လိုအပ်လျက်ရှိသော အိမ်ခန်း၊ အဆောင်များ ရရှိရန် မည်သို့စီမံထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လက်ရှိအခြေအနေတွင် အခြေခံ ပညာဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ဆောင်ရွက်နေသော ကာလဖြစ်သောကြောင့် နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားခြင်း မပြုသေးဘဲ ဖွဲ့စည်းပုံများ ပြင်ဆင်ပြီးမှသာ အဆိုပါ ဝန်ထမ်းများအား ရေးဖြေစာမေးပွဲများ ဖြေဆိုပြီး အောင်မြင်သူ များကိုသာ ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် အဆင့်မြင့် ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ အောက်ခြေဝင်ပေါက်ရာထူးများအား ခန့် ထားနိုင်ရေးအတွက် ရာထူးအလိုက် ခန့်ထားလိုသော ဦးရေများအား ပြန်လည်စိစစ်ဆောင် ရွက်ဆဲကာလ ဖြစ်ပါကြောင်း။
တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများအား အိမ်ခန်းအဆောင်များ နေရာချထားပေးရာတွင် လျှောက်ထားခွင့် သတ်မှတ်ချက်နှင့် ကိုက် ညီသော အိမ်ခန်းလျှောက်ထားသူများကို ရာထူး(လစာနှုန်း)အလိုက်၊ အိမ်/အိမ်ခန်း သတ်မှတ်ချက်အလိုက် တန်းစီဇယားပြုစုခြင်း၊ တန်းစီဇယားပြုစုရာတွင် စုစုပေါင်းရမှတ် အနည်း/အများအလိုက် ဦးစားပေးအစီအစဉ် ရေးဆွဲခြင်း၊ အိမ်/အိမ်ခန်းအလွတ်များ ရှိပါက စုစုပေါင်းရမှတ် အနည်း/အများအလိုက် ပြုစုထားသော တန်းစီဇယားထဲမှ အမှတ်အများ ဆုံး ရရှိသူကို ဦးစားပေး နေရာချထားခြင်း ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအတွက် အိမ်ခန်း၊ အဆောင်ခန်းများ အဆင်ပြေစေရန် ဘဏ္ဍာနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေ အခြေအနေအပေါ် မူတည်၍ ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများ ထပ်မံတည်ဆောက်နိုင် ရန် နှစ်စဉ်လျာထားဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင် ၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ဟောင်း ဧရိယာအတွင်း ဟိုတယ်နှင့် တည်းခိုခန်းများအား ချထားပေးသော မြေများကို ပြန်လည်တိုင်းတာပြီး ခွင့်ပြုဧရိယာထက်ကျော်လွန်အသုံးပြုမှု များရှိပါက အိမ်ရာမရှိသေးသော ဒေသခံများအား မြေကွက်များချထားပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လည်နေရာချထားပေးမည့် ကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် ARSA အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဖြစ်ပွားရအောင် မောင်တောမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ၏ ဘဝလုံခြုံမှု ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားကျေးရွာများ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့နေထိုင်ရေးတို့ အတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ကလည်းကောင်း၊ရခိုင်ပြည်နယ် မဲန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်ရှိ ကျောက်ဖြူ(ရွာသစ်) အခြေခံပညာမူလတန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်တစ် ဆောင်နှင့် ရွှေပြည်သစ်ကျေး ရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ဝင်းစားထောင့်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးသိန်းလွင် ၏ ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အား အခြေခံပညာအထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ ကဿဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ ပေ(၁၀ဝ x ၃၀) RC နှစ်ထပ် ဆောင်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ / မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကလည်း ကောင်း ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က မြန်မာ့ဆက် သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ ကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်း ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေး နွေးဆုံးဖြတ်ရန် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုး ကအဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ အမျိုးသားလွွှတ်တော် ဥက္ကဋ္ဌ က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုး က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ် ကြားရှင်းလင်းရာတွင် ကော်မတီသည် အဆိုပါ ဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့ သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ကော်မတီများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါသဖြင့် လွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ပါရန် အစီရင်ခံစာ တင်ပြအပ်ပါကြောင်း၊ လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ခံယူဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏ အဆုံး အဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် ရန် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၂၀၁၇ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမြင့်နိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းတို့က ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က ကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော် ၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်လင်း ပြောကြားရာတွင် ၂၀၁၉ခုနှစ်၊ ဧပြီ ၂၉ ရက်မှ ဇွန် ၆ ရက်အထိ အစည်းအဝေးကျင်းပရက် (၁၆) ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်း ခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုး သားလွှတ်တော်သို့ ကြယ်ပွင့်ပြ မေးခွန်း (၁၁၇)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၁၅၃)ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့် ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း ၏ မြန်မာ့ပင်လယ်ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမ ဆီတင်သင်္ဘောကြီးများ ယင်း ဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ ကြီးမားသည့် မတော်တဆထိခိုက်မှု အန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီး များ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည် ထောင်စုအစိုးရမှ အချိန်မီနှင့် အမြန်ဆုံး အန္တရာယ်ကာကွယ် တားဆီးရေးကိစ္စများကို ကြို တင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ကိုလွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကို အတည်ပြုခဲ့ပါကြောင်း။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း ၏ ကျေးလက် နေအမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရန် စီးပွားရေးတွင် တစ်နိုင်တစ်ပိုင်ပါဝင်ရန် နေရပ်စွန့်ခွာ၍ ရေမြေခြား အလုပ်သွားလုပ်ခြင်းကို လျှော့ချနိုင်ရန်နှင့် အမျိုးသမီးများ အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် အိမ်တွင်းစီးပွားရေး လုပ်ငန်းများ ဖော် ဆောင်ရန် အသိပေးခြင်း၊ နည်းပညာပေးခြင်း၊ ရင်းနှီးရန်ပုံငွေကြေး ရှာဖွေခြင်း၊ ကုန်ကြမ်းကို ဒေသထွက်အဖြစ် ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည် တံ့အောင် ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများစုပေါင်း၍ ဆောင်ရွက်ပေးရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်း သူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး ၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်း များဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြား ပို့ချနေသော ပုဂ္ဂလိက ပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုတို့ကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူညီခဲ့ပါကြောင်း။
ဥပဒေကြမ်း တင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင် စတင်ဆွေး နွေးနိုင်ရန် ပေးပို့ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၉) အားလွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူ ကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် ပြည်ထောင်စုတရားစီ ရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်သို့အဆို တင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။
သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်း နှင့် မြို့ပြနှင့်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေကြမ်း တို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် မှ စတင်ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်းများ အနက် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်က ပြင် ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲ လွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် အခြေခံပညာရေး ဥပဒေကြမ်းနှင့် ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်း တို့ကို ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာ ဖတ်ကြားတင်သွင်းပြီး ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံခဲ့ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်သည့် ဧရာ ဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တောင်သူလယ်သမား ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း တင် သွင်းသည့် ၂၀၁၇ခုနှစ်၊ မြေသိမ်းဥပဒေကြမ်း တို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ရန် ပေးပို့ခဲ့ပါကြောင်း။
အစီရင်ခံစာ တင်သွင်းခြင်းကဏ္ဍတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်း ထားသည့် ကော်မတီများ၏ လွှတ်တော်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများမှာ ဥပဒေကြမ်းကော်မတီ (၁၈)ကြိမ်၊ ပြည်သူ့ငွေစာရင်း ကော်မတီ (၂)ကြိမ်၊ လွှတ်တော်အခွင့်အရေးကော်မတီ(၂)ကြိမ်၊ အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ (၁၄)ကြိမ်၊ နိုင်ငံတကာဆက်ဆံ ရေး၊လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(၇)ကြိမ်၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ(၄)ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (၆)ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၅) ကြိမ်၊ တောင်သူလယ်သမားရေးရာကော်မတီ (၇)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ(၅)ကြိမ်၊ ပညာရေးမြှင့်တင်မှု ကော်မတီ(၆)ကြိမ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ (၆)ကြိမ်၊ နိုင်ငံသားများ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ (၅)ကြိမ်၊ ပြည်သူ တို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ(၄)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၁၀)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင် ရာကော်မတီ (၆)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၁၁၂) ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။
သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို(၂)စောင် ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၃၈)ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှု (၆၅)ခုအနက် (၃၄)ချက်ကို ရှာဖွေပေးခဲ့ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့ သက်ဆိုင်ရာဒေသ အသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒရှင်ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသား လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ရပ်နားကြောင်း နှင့်ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။
အောင်ရဲသွင်၊ လူမော်(သတင်းစဉ်)